ကားပါကင် ထောက်ခံချက်ရရန် ကြန့်ကြာနေ၍ မော်တော်ယာဉ်တင်သွင်းသူအချို့ အခက်ကြုံ
ကားတင်သွင်းရာတွင် လိုအပ်သည့် ပါကင်ထောက်ခံချက်မှာ ယခင်ကကဲ့သို့ ရရှိရန် မလွယ်ကူတော့ဘဲ များစွာကြန့်ကြာနေ၍ မော်တော်ယာဉ်တင်သွင်းသူအချို့ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
မြို့နယ်အလိုက် ပါကင်ပါမစ်ထောက်ခံချက်တွင် အခက်အခဲ ဖြစ်ပေါ်နေပြီး ယခင်ကဲ့သို့ ပါကင်ပါမစ် လျှောက်ထားသူတိုင်း မရရှိသဖြင့် အခက်အခဲကြုံတွေ့ နေရကြောင်း ကားတင်သွင်းသူများက ပြောသည်။
အစိုးရက ပါကင်ပါမစ်နှင့် ပတ်သက်၍ တင်းကျပ်နေသည်မှာ မှန်ကန်သော်လည်း ပါမစ်ထုတ်ပေးသည့် အောက်ခြေတွင် အကျင့်ပျက်ခြစားမှုအချို့ရှိနိုင်ကြောင်း ကားတင်သွင်းသူများက ခန့်မှန်းပြောကြားကြသည်။
ကားပါကင် ထောက်ခံချက်ရရှိရန် လက်ရှိတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လိုသလောက် မရရှိခြင်းတို့ကြောင့် ပါကင်ထောက်ခံချက်တစ်စောင်လျှင် ကျပ်ငါးသိန်းမှ ရှစ်သိန်းအထိ ပေါက်ဈေးရှိနေပြီး အလုပ်ရှုပ်မခံလိုသူများက ပြင်ပမှဝယ်ယူ၍ အသုံးပြုနေကြသည်ဟု ကားတင်သွင်းသူ ဦးမင်းမင်းစိုးက ပြောကြားသည်။
‘‘တချို့က အလုပ်ရှုပ်မခံချင်လို့ ပါကင်ကို အပြင်ကပဲ ၀ယ်လိုက်ကြတယ်’’ဟု ဦးမင်းမင်းစိုးက ဆိုသည်။
ဧပြီအထိ လေးလတာ စာရင်းများအရ ပါကင်ထောက်ခံချက် ၈,၅၀၀ ကျော် ထုတ်ပေးထားပြီး နောက်ပိုင်း ထုတ်ပေးသည့် ပါမစ်ထောက်ခံချက် အရေအတွက်ကိုမူ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ပေးခြင်း မရှိပေ။
ရန်ကုန်တိုင်းဒေသကြီးတွင် ပါကင်ပါမစ်လျှောက်ထားသူ များပြားလာ၍ လျှောက်ထားသည့် ပုံစံ၌ မြို့နယ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိကြောင်း ကားအရောင်းပြခန်းမှ ၀န်ထမ်းအချို့က ပြောကြားသည်။
‘‘သတ်မှတ်ထားတဲ့ မြေနေရာအကျယ်ရှိရင်တော့ လျှောက်လို့ရတယ်။ လာစစ်ဆေးတဲ့အခါ လည်း မြို့နယ်ထွေအုပ်၊ လ၀က၊ စည်ပင်နဲ့ရပ်ကွက်လူကြီး တွေ လာရောက်စစ်ဆေးမှုတွေ လုပ်ပါတယ်။ စာရွက်စာတမ်းနဲ့ သတ်မှတ်စည်းကမ်းနဲ့ ညီတယ်ဆိုရင် နှစ်ပတ်အတွင်း ပါကင်ပါ မစ်ပေးပါတယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် စည်ပင်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
မိမိပိုင်ဆိုင်သည့် မြေနေရာတွင် အိမ်စီးကားထားရှိမည်ဆို ပါက ၁၅×၈ ပေကျယ်သည့် မြေနေရာ၊ အခြားကားများအတွက် သတ်မှတ်ထားသည့် မြေနေရာအကျယ်အ၀န်း လိုအပ်သည့်အတွက် ရန်ကုန်မြို့တွင်းနေထိုင်သူများ ကားဝယ်ယူရန် အခက်အခဲများရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ကားတင်သွင်းရာ၌ ပါကင်ထောက်ခံချက် တစ်ပါတည်း ပါဝင်ရမည်ဆို၍ ၂၀၁၅ အတွင်း ကားတင်သွင်းမှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ကားအစီးရေ မြောက်မြားစွာတင်သွင်းနေခြင်းကို အစိုးရက ထိန်းချုပ်လိုက်သည်။
မိုးညို / ဖိုးတုတ် - 7day daily

မှတ်ချက်များ