ရန်ကုန်မြို့မှာလက်ရှိ ဆောက်လုပ်ခွင့်ပေးထားတဲ့ အဆောက်အဦးတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရမ်းအားနည်းနေတယ်လို့ အမြန်ဆုံးပြင်ဆင်သင့်နေပြီလို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကကျင်းပတဲ့ Yangon at the Seams - မနိုင်ဝန်ထမ်းနေရတဲ့ရန်ကုန်ဆိုတဲ့ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ ဘယ်လိုများ မနိုင်ဝန်ထမ်းနေရတာလဲ။
မနိုင်ဝန်ထမ်းနေရရှာတဲ့ရန်ကုန်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဗိသုကာအသင်းက ဒေါ်လှစုမြတ်က ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် အဆောက်အဦးတွေဆောက်ရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ချိန်ဆပြီး အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာပဲချပေးသင့်တယ်လို့ ဆိုပါတယ်။ မချိန်ဆဘဲ အခုအတိုင်းသာဆက်သွားနေရင် အစိုးရပိုင်းကပြောနေကြတဲ့ စင်္ကာပူလိုမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်လိုဖြစ်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ အဆောက်အဦးတွေဆောက်ရာမှာ မြန်မြန်ပြီးအောင်လို့ စတီးဖရိန်တွေနဲ့ဆောက်လာကြရာမှာ မီးဘေးအန္တရယ်အတွက်တော့ အကာကွယ်တွေပေးထားတာမရှိဘူးလို့ ဒေါ်လှစုမြတ်ကပြောပါတယ်။ မီးခံနိုင်ရည်အားမပါဘဲ ဈေးတွေနဲ့ကားပါကင်တွေပါ အများကြီးဆောက်လာကြပြီး မီးဘေးကျရောက်ခဲ့ရင်တော့ အဆောက်အဦးရော ပတ်ဝန်းကျင်ကိုပါ အန္တရယ်ရှိနိုင်လို့ မီးဘေးလုံခြုံမှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။
နေ့စဉ်ကားကျပ်၊ ရေကြီးတဲ့ဒဏ်အပြင် လူသိပ်သည်းဆများတော့ လူမှုရေးပြဿနာတွေ အများကြီးရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့နေပြည်သူတွေအတွက် လက်ရှိအစိုးရပိုင်မြေတွေကို စုစည်းလေ့လာပြီးတော့ အဲဒီမြေတွေကတဆင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးသင့်နေပါပြီလို့ အကြံပေးခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ