![]() |
| ရေအားလျှပ်စစ် (ဒိုင်နမို)ထွင်တဲ့ ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းက ဦးရှာထူး (ဓါတ်ပုံ-ကေတီ) |
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ် ကရင်နီအမှတ် ၂ဒုက္ခသည်စခန်းအတွင်း ဖြတ်သန်းစီးဆင်းသွားတဲ့ မယ်စူရင်းချောင်းရေအားနဲ့ ပြုလုပ်ထားတဲ့ အသေးစား လျပ်စစ်ဓါတ်အားထုတ်စက်မှာ တချိန်က စခန်းတွင်းမှာ မြို့ပြလိုလျပ်စစ်မီးသီးတွေထွန်းလင်းနိုင်ခြင်းနဲ့ ဗွီဒီယိုတွေပြသနိုင်ခဲ့ပေမဲ့ အခုဆိုရင် ဦးရှာထူးမိသားစုတစုအတွက်သာအသုံးပြုနိုင်ပါတော့တယ်။ ပြီးခဲ့တဲ့၂ဝ၁၃ခုနှစ်က ဒုက္ခသည်စခန်း ၂ မီးလောင်မှုဖြစ်ပွားခဲ့တုန်းက သူ့ရဲ့ လက်လုပ်လျပ်စစ်စက်လေး မီးလောင်ထဲပါသွားခဲ့တဲ့အတွက် အခုဆိုရင်စခန်းတွင်းမှာ မီးမလင်းနိုင်တော့ပါဘူး။
အရင်တုန်းက မီး ၁ဝ-၁၅ လုံးလောက် ရတယ် ဗီဒီယိုလည်းပြတာပဲ ပြလို့ရတာပဲ အရင်တုန်းက ဗီဒီိယို ညတိုင်းပြတာပဲ။ အရင်တုန်းက အဆင်ပြေတာပေါ့။ အရင်တုန်းက သူများ ဗီဒီယိုအငယ်တွေမရှိသေးဘူးလေ။ ကျနော်တို့ပြတာ တစ်ရက်တောင်မှ (ဘတ်ငွေ)လေးရာ ငါးရာရက်တိုင်းရတာပဲ။ သာသက်တာပေါ့”လို့ ဦးရှာထူးက ပြောပါတယ်။
ဦးရှာထူးဟာ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် ဖော်ချီးဒေသ ရှိုးလိုရွာမှာ မွေးဖွားခဲ့ပါတယ်။ သာသနာပြုလုပ်ငန်းလုပ်နေချိန်မှာ ပြည်တွင်းစစ်ဆင်ရေးထိုးသည့်အတွက် အမှတ် ၂ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ ထွက်ပြေးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စခန်းအတွင်းမှာ ဘဝပြန်လှည်ထူထောင်စဉ် သူ့ရဲ့ပင်ကိုအစွမ်းအစနဲ့ တနိုင်တပိုင် လျပ်စစ်ထုတ်လုပ်တဲ့ အသေးစားစက်ကလေးကို ထူထောင်ဖြစ်ခဲ့တာပါ။
ဆယ်နှစ်ကျော်ကြာ အသုံးပြုလာတဲ့ သူ့ရဲ့လျက်စစ်ထုတ်လုပ်တဲ့ စက်လေးဟာ ဖုန်းဘယ်ထရီအားသွင်းခြင်း၊ ဗွီဒီယိုပြခြင်း၊ စခန်းတွင်းမီးဖြန့်ဝေနိုင်ခြင်းတို့ကြောင့် ဝင်ငွေတလ ဘတ်ငွေ ၃ဝဝဝ အထိဝင်ငွေရှိနိုင်ခဲ့ကြောင်း ပြောပါတယ်။ အဲ့ဒီအခြေအနေကို ဦးရှာထူးပြန်ရချင်ပေမဲ့ အသက်အရွယ်ရလာတာက တစ်ပိုင်း ရင်းနှီးငွေအင်အား အခက်အခဲကတကြောင်းကြောင့် သူ့မိသားစု အသုံးပြုဖို့အတွက်လောက်သာ လုပ်နိုင်ပါတော့တယ်။
ဦးရှာထူးရဲ့ လျပ်စစ်ထုတ်စက်လေးဟာ ဒိုင်နမိုကို လည်ပါတ်ပေးတဲ့ ရေပါတ် ပန်ကာကြီးကဆင့် အမြင့်ပိုင်းကရလာတဲ့ ရေတွေကိုသွယ်ပြီး စိုက်ပျိုးခြံထဲသို့ တွင်းနိုင်တာကလည်း စိုက်ပင်ပျိုးပင်အတွက် ရေရရှိမှုပူပင်စရာမလို။ ဦးရှာထူးရဲ့အတတ်ပညာဟာ ထိုင်းနယ်စပ်က ဒုက္ခသည်တွေအတွက် အတော်လေး အကြုံးဝေစေပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတွေ ခိုင်မာလာတဲ့တနေ့ဆိုရင် ဒီပညာရပ်တွေကို ပြန်လှည်အသုံးချနိုင်ခြင်းဟာ အင်မတန်မှ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားလှတာတခုက သူ့ရဲ့အတတ်ပညာကို စခန်းတွင်းက ဒုက္ခသည်တွေ စိတ်ဝင်စားပုံမပေါ်ဘူး။
![]() |
| ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းက ပလိုင်းယက်တဲ့ အသက် ၇၀ ကျော် အဘိုးပလဲရယ် (ဓါတ်ပုံ-ကေတီ) |
သူတို့ရဲ့ အတတ်ပညာကို စခန်းကလူတွေ စိတ်ဝင်စားပုံမရှိပါဘူး။ ဒီအတတ်ပညာကို သင်ယူလေ့လာချင်တဲ့ သူ၊ တတ်ကျွမ်းတဲ့သူတွေ စခန်းထဲမှာ သိပ်မရှိဘူးလို့ သိရပါတယ်။
နိုင်ငံတကာ ဒုက္ခသည်များကူညီစောက်စောင့်ရေးအဖွဲ့တို့က ဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အခြေခံလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးမှုတွေ ရှိနေတဲ့အတွက်ကြောင့်လည်း စခန်းသူ/သားတွေဟာ မိမိကိုယ်ကိုယ်အားကိုးဖို့၊ မိမိကိုယ်ကိုယ်ရပ်တည်နိုင်ရေးကိစ္စရပ်တွေပေါ်မှာ စိတ်ဝင်စားမှုအားနည်းလာတာကို တွေ့ရပါတယ်။
အသက်အရွယ်ရလာပြီဖြစ်တဲ့ ဦးရှာထူးဟာ သားသမီးတွေကလဲ တတိယနိုင်ငံကိုသွားဖို့ စိတ်အားထက်သန်မှုတွေရှိလာတဲ့အတွက် သူ့ရဲ့လျပ်စစ်ထုတ်စက်လေးကို မကြာခင်ချန်ထားရတော့မှာပါ။ “ကျနော် တတိယနိုင်ငံကို မလျှောက်ရင်တော့ ကောင်းကောင်းမွန်မွန် ပြန်ထွင်မလို့။ တတိယနိုင်ငံ ထွက်ဖို့ အစီအစဉ်ကရှိနေတော့ ဒီအတိုင်းပဲ ထားလိုက်တာ။ ထားလိုက်တော့ နှမျောစရာကြီးပဲ”လို့ ဦးရှာထူးက ကွမ်းတဝါးဝါးနဲ့ ပြောခဲ့ပါတယ်။
စူးမယ် - ကန္တရ၀တီတိုင်း(မ်)


မှတ်ချက်များ