![]() |
| မဘသ အဖွဲ့ချုပ်၏ နှစ်ပတ်လည်နိုင်ငံလုံးဆိုင်ရာညီလာခံကို ဇွန် ၂၁ ရက်က အင်းစိန်မြို့နယ် ဆောင်ဆန်းတောရတပ်ဦးကျောင်း တွင်ကျင်းပနေစဉ်/ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) |
မဘသ(ဗဟို) ၂နှစ်ပြည့်နှစ်ပတ်လည်ညီလာခံကို ဇွန်လ ၂၀ မှ ၂၁ရက်အထိ အောင်ဆန်းတပ်ဦးကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရဟန်း၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးအသင်းအဖွဲ့များမှ လူပုဂ္ဂိုလ် စုစုပေါင်းအင်အား ခြောက်ထောင်ကျော် တက်ရောက်ခဲ့သော မဘသ(ဗဟို)ညီလာခံအပြီးတွင် အထက်ပါအချက်အပါအ၀င် အချက် ၁၂ ချက် ပါဝင်သည့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အရေးကြီးဆုံးဖြစ်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတ၍ တိကျမှန်ကန်စွာ ကျင်းပပေးရန်အတွက်လည်း မဘသ(ဗဟို)ညီလာခံက တိုက်တွန်းထားသည်။
ညီလာခံသဘောထားထုတ်ပြန်ချက်တွင် အင်တာနက် စာမျက်နှာများ၌ အမျိုးသားရေးလက္ခဏာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ပုံရိပ်ကို ထိခိုက်စေသော ညစ်ညမ်းပုံ၊ စာများအသုံးပြု၍ သံဃာတော်အရှင်မြတ်များ၊ နိုင်ငံတော် သမ္မတ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား စော်ကားနေမှုများကို လုံးဝရပ်တန့်ကြရန်လည်း တိုက်တွန်းထားသည်။
ထို့အပြင် မဘသ(ဗဟို)ညီလာခံ၏ သဘောထားထုတ်ပြန်ချက်တွင်မူ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့သည် အထွေထွေရွေးကောက်ပွဲ၌ မည်သည့်ပါတီကို မဲပေးပါဟုလည်းကောင်း၊ မည်သည့်ပါတီကိုမဲ မပေးပါနှင့်ဟုလည်းကောင်း၊ ပါတီတစ်ခုခုကို ရည်ညွှန်း၍ ဝေဖန်အ ကြံပြုမည်မဟုတ်ဘဲ ပါတီအားလုံးနှင့် သက်ဆိုင်သည့်အခြေခံမူ ၀ါဒကိုသာ ဓမ္မဓိဋ္ဌာန်ကျကျဝေဖန် အကြံပြုတင်ပြမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့အပြင် လှေစီးဒုက္ခသည် ဘင်္ဂါလီအရေးကိုင်တွယ်ရာတွင် အစိုးရအနေဖြင့် မည်သည့်နိုင်ငံတကာဖိအားကိုမှ ဂရုမစိုက်ရန်၊ မျိုးစောင့်ဥပဒေများအမြန်ဆုံးအတည်ပြုပြဋ္ဌာန်ပေးရန်တိုက်တွန်း ကြောင်း မဘသ(ဗဟို)ညီလာခံ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မဘသ(ဗဟို) ညီလာခံကို ၂၀၁၃က ပထမအကြိမ်အဖြစ်အောင်ဆန်းတပ်ဦးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
မည်သူက ဖြန့်သည်မသိဟုဆိုသော လက်ကမ်းစာစောင်
ထို့အပြင် ညီလာခံဒုတိယ နေ့ဖြစ်သည့် ဇွန်လ ၂၁ရက် တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း၏ ပါတီကို ရည်ရွယ်၍ အမျိုးသားရေးကို အလေးအနက်ထား ဆောင်ရွက်ခြင်း မရှိသူများအား မဲမထည့်ကြရန် ရေးသား ဖော်ပြချက်များပါဝင်သည့် လက်ကမ်းစာစောင်တစ်ခုကို ဝေငှခဲ့ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မဘသအမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ လက်ကမ်းစာစောင်ကို မဘသ(ဗဟို)က ဖြန့်ဝေမှု မရှိ ကြောင်း ငြင်းဆိုသည်။
‘‘ကျွန်တော်တို့ လုပ်တာမဟုတ်ပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝေကြတာပါ။ ဒါကို အသိအမှတ်မပြုဘူးဆိုပြီး တရားဝင် တားဆီးခဲ့ပါတယ်’’ ဟု မဘသ ဗဟိုအလုပ်အမှုဆောင်နှင့်ဥပဒေအကြံပေး ဦးအေးပိုင်က 7Day Daily၏ မေးမြန်းမှုအားဖြေကြားသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူ့ပါတီတစ်ရပ်လုံးက ၀ံသာနုရက္ခိတတရားကို အားပေး ထောက်ကူသည့် မျိုးစောင့်ဥပဒေများအား တစိုက်မတ်မတ်ကန့်ကွက်ခဲ့ကြောင်း၊ ပြည်သူများသိရှိထားရန် ယခုအချိန်တွင် လူမျိုးနှင့် ဘာသာ၊ သာသနာအတွက် ယုံကြည်စိတ်ချ၍ မရသောအမျိုးသားရေးကို သွေဖည်ဆန့်ကျင်သောအဖွဲ့ကြီးသည် အမျိုးသားရေးကို အလေးအနက်ထားပြောဆိုခြင်းမရှိဘဲ တိုင်းပြည်ဆင်းရဲနွမ်းပါးမှု စသည့်အကြောင်းအရာများကိုသာဖော်ပြပြီး ပါတီဆိုင်းဘုတ်၌ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းပုံကို ပူးတွဲထည့်သွင်း၍ အမှုမဲ့အမှတ်မဲ့အေးဆေးစွာနေသူပြည်သူအများစုကို မဲဆွယ်စည်းရုံးနေကြောင်း စသည့် ရေးသားမှုများပါဝင်သည်။
ထို့အပြင် ‘‘ယင်းပါတီကြီး၏ ခေါင်းဆောင်မှာ ဗိုလ်ချုပ်သမီး ဖြစ်သည်’’ ဆိုသည့် တစ်ချက်တည်းဖြင့် ထောက်ခံရွေးချယ်မည်ဆိုပါက တိုင်းပြည်နှင့်ဘာသာသာသနာတွင် မမျှော်လင့်နိုင်သော အန္တရာယ်များကျရောက်လာနိုင်ကြောင်းနှင့် ပြည်သူများ သတိဆင်ခြင်နိုင်ရန် မဘသအဖွဲ့ဝင်ဆရာတော်များအနေဖြင့် တရား ဟောပြောပွဲများတွင် ထည့်သွင်း ဟောပြောရန်အချက်အချို့ကိုလည်းဖော်ပြထားသည်။
အောင်ခိုင် - 7day daily

မှတ်ချက်များ