ဆရာအင်အား လိုအပ်ချက် ဘယ်လိုနည်းနဲ့ ဖြည့်ဆည်းမှာလဲ


ဇွန်လ ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားများအား သင်ကြား ပေးမည့် ဆရာအင်အား ငါးသောင်းကျော် လိုအပ်နေသည်။

အခြေခံပညာကဏ္ဍတွင် နှစ်စဉ်ပညာရေးတက္ကသိုလ်၊ ကောလိပ်များမှ ဆရာမွေးထုတ်နိုင်မှု အင်အားနှင့် ဆရာလိုအပ်ချက်၊ ကျောင်းအဆင့်တိုးမြှင့်ပေး၍ လိုအပ်လာသည့် ဆရာအရေအတွက် မမျှတခဲ့သောကြောင့် ယခုနှစ်တွင် ဆရာအင်အား လိုအပ်ချက် ကြီးမားနေခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောသည်။

ယခုပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ၈,၅၇၉ ဦး၊ အလယ်တန်းပြ ၂၄,၈၀၂ ဦးနှင့် မူလတန်းပြ ၁၈,၁၇၀ ဦး လိုအပ်နေပြီး ပညာရေးကောလိပ်များမှ ယခုနှစ်လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာဒီပလိုမာ (D.T.Ed)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ (PPTT) သင်တန်းဆင်း ဆရာ ၈,၆၆၄ ဦးသာ ဖြည့်စွက်ခန့်ထားနိုင်မည်ဖြစ်သည်။

ဆရာအင်အား အများဆုံး လိုအပ်နေသည့် ဒေသမှာ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများ၊ တောင်ပေါ်ဒေသများတွင်လည်း ဆရာလိုအပ်ချက် မြင့်မားနေဆဲဖြစ်သည်။

ဆရာလိုအပ်ချက်ရှိနေသော အခြေခံပညာကျောင်းများတွင် အတန်းများရှိ ဘာသာရပ်များကိုခွဲဝေကာ ရှိသည့် ဆရာအင်အားဖြင့် သင်ကြားပေးနေကြရကြောင်း အဆိုပါဒေသများရှိ ဆရာများက ဆိုသည်။

‘‘ဆရာတစ်ဦးကို တစ်ဘာသာနှုန်း သင်နေရတဲ့ ကျောင်းက ကလေးတွေနဲ့စာရင် ဘာသာတွေ၊အတန်းတွေ အများကြီးကိုင်ပြီး သင်ခံနေရတဲ့ ကလေးတွေ တတ်မြောက်မှု မထိရောက်မှာစိုးတယ်’’ဟု ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့မှ အလယ်တန်းပြဆရာမ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် အခြေခံပညာ ဆရာခန့်ထားရေး မူဘောင်ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၂ ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာအပြောင်းအ ရွှေ့၊ ရာထူးတိုးနှင့် အသစ်ခန့်ထားမှုဆိုင်ရာ မူဝါဒများကို ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ ပညာရှင်များ၊ ပြင်ပပညာရှင် များနှင့် ကျောင်းအုပ်ဆရာ ကြီးများ ပါဝင်ဆွေးနွေးခဲ့ကြသည်။

လိုအပ်နေသည့် ဆရာအင်အား ငါးသောင်းကျော်ကို ဇွန်လအတွင်း အပြည့်ခန့်အပ်ရန် စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက အဆိုပါမူဘောင်ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

ယခုနှစ်အခြေခံပညာ ဆရာခန့်ထားရေးတွင် ဆရာအပြောင်း အရွှေ့၊ ရာထူးတိုးများ ပြုလုပ်ပေးခြင်း၊ လိုအပ်လာမည့် မူလတန်းပြ ဆရာနေရာအတွက် ဘွဲ့ရများကို နေ့စားလပေးခန့်ထားခြင်းနှင့် ပင်စင်ယူသွားသည့် ဆရာများ၊ ဌာနနှင့် ကင်းကွာနေသည့် ဆရာများအား ကန်ထရိုက်စနစ်ဖြင့် ခန့်ထားခြင်းတို့ဆောင်ရွက်မည်ဖြစ်ကြောင်း မူဘောင်ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်။

‘‘ဥပမာ ရွာက ဆရာတစ်ယောက် အသက်ပြည့်လို့ ပင်စင်ယူသွားတယ်။ သူ့နေရာကို လာမယ့်ဆရာမရှိရင် အဲဒီဆရာကိုပဲ တစ်နှစ် စာချုပ်၊ ၂ နှစ်စာချုပ်နဲ့ ငှားမယ်။ အဲဒီစာချုပ်ငှားတဲ့အခါမှာ ပင်စင်ရတဲ့ လစာက သပ်သပ်၊ အထက်တန်းပြဆိုရင် အထက်တန်းပြရဲ့ မူလလစာကိုပါ ၁၀ လစာ တစ်ခါတည်းပေးမယ်’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးစိုးဝင်းက ပြောသည်။

အဆိုပါမူဘောင်ဆွေးနွေးပွဲတွင် ထွက်ပေါ်လာသည့် ဆရာခန့်ထားရေးဆိုင်ရာ မူများဖြင့် လိုအပ်နေသည့် ဆရာအင်အားကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးမှူးများက စိစစ်ခန့်ထားမှုများ ဇွန်လအတွင်း အပြီးသတ် ပြုလုပ်သွားမည် ဖြစ်သည်။

အထက်တန်းပြဆရာ လိုအပ်ချက် ဖြည့်တင်းရန် ပညာရေး တက္ကသိုလ်မှ ပညာရေး(BE.d)ဘွဲ့ရဆရာများကို တိုက်ရိုက်ခန့် ရန်၊ ပညာရေးဘွဲ့(BEd) စာပေးစာယူ တက်ရောက်နေသည့် အလယ်တန်းပြဆရာများကို အစမ်းခန့်ထားပြီး ဘွဲ့ရပါက အမြဲခန့်သွားရန်၊ ၂၀၁၄ က ခန့်ထားသည့် နေ့စားလပေးဆရာများအနက် ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့ရရှိသည့် ဆရာများကို ခြောက်လတစ်ကြိမ် ရာထူးတိုးပေး၍ အထက်တန်းပြအဖြစ် အစမ်းခန့်ထားပြီး ပညာရေးဘွဲ့ရရှိပါက အမြဲခန့်သွားရန်နှင့် အလယ်တန်းပြဆရာများအနက် လုပ်သက်အနည်းဆုံး ၁၀ နှစ် ရှိပြီး တာဝန်ကျရာသို့ သွားရောက်ထမ်းဆောင်နိုင်မည့် ဆရာများအား အရည်အချင်းစစ်စာမေးပွဲ ကျင်းပ၍ အစမ်းခန့်ထားရန်နှင့် ပညာရေးဘွဲ့ရရှိပါက အမြဲခန့်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

အထက်တန်းပြ ဆရာလိုအပ်ချက်အတွက် အပြောင်းအရွှေ့၊ ရာထူးတိုးများ ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲတစ်ခုမှာ လစ်လပ်နေသည့် ဘာသာရပ်နှင့် အဆိုပါဘာသာရပ်ကို သင်ကြားပေးမည့် ဆရာကိုက်ညီမှုမရှိနေခြင်းဖြစ်သည်။

‘‘ကျောင်းမှာ လိုနေတာက ဘာသာရပ်က တစ်ခု၊ ရောက်လာတဲ့ ဆရာက ဘာသာရပ် မကိုက်ဘူးဆိုရင် သင်တဲ့နေရာမှာ အခက်အခဲလေးတွေ ရှိတယ်’’ဟု ကမာရွတ်မြို့နယ်ရှိ အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောသည်။

အလယ်တန်းပြဆရာ လိုအပ်ချက်များအတွက် အထက်တန်းပြ ရာထူးတိုး၍ လစ်လပ်သွားမည့် အပြောင်းအရွှေ့နှင့် ကျန်လိုအပ်သည့် ဆရာနေရာအတွက် ဒေသအတွင်းရှိ မူလတန်းပြဆရာများကို လုပ်သက်တန်းစီဇယားဖြင့် လိုအပ်သည့် ဆရာအရေအတွက်ကို ရာထူးတိုးခေါ်ယူသွားရန် မူဘောင်ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြ သည်။

‘‘မူလတန်းပြဆရာတွေရဲ့ လုပ်သက်တွေကို တန်းစီဇယားဆွဲပြီးတော့ လိုတဲ့ဆရာအရေအတွက်ကို ဖြတ်ယူဖို့ စီစဉ်ထားတယ်။ အဲဒါကြောင့် တစ်မြို့နယ်နဲ့တစ်မြို့နယ်မှာ ဆရာလိုအပ်ချက်ပေါ် မူတည်ပြီးတော့ လုပ်သက် နှစ် အပြောင်းအလဲရှိမယ်’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြော သည်။

မူလတန်းပြဆရာလိုအပ်ချက်အတွက် ရာထူးတိုး၍ လစ်လပ်သွားသည့်နေရာတွင် အပြောင်းအရွှေ့ပြုလုပ်ပြီး လိုအပ်သည့်နေရာများအတွက် ၂၀၁၄လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ (PPTT) သင်တန်း ဆင်းဆရာများ ဖြည့်တင်းပြီး ထပ်မံလိုအပ်ပါက ဘွဲ့ရနေ့စားလပေး ဆွဲခန့်ဆရာများကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပညာရေးမှူးများက ဒေသလိုအပ်ချက်အလိုက် စိစစ်ခေါ်ယူခန့်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။

‘‘ဆွဲခန့်ဆရာခန့်ထားရေးကိုတော့ ဌာနနဲ့ အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကျန်တာကတော့ အဆင့်ဆင့်သော ပညာရေးမှူးရုံး အလုပ်အမှုဆောင် အဖွဲ့တွေက စိစစ်ဆောင်ရွက်ပြီး တစ်ဆင့်မြင့်ပညာရေးမှူးရုံးတွေမှာ အတည်ပြုချက်ယူရမယ်။ ဇွန်လကုန်ထဲမှာ အားလုံးအပြီးလုပ်ရမယ်။ အဲဒါမှ စာတွေ၊ ကိန်းဂဏန်းတွေကနေ တကယ်အပြောင်းတွေ၊ အတိုးတွေ လုပ်လိုက်ရင် လက်တွေ့လိုအပ်ချက်တွေပေါ်လာမယ်’’ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောသည်။

မူလတန်းပြ ဆရာလိုအပ်ချက်များကြောင့် ဆရာအတတ်နှင့် ပညာရေးလေ့ကျင့်ရေးဦးစီးဌာနမှ ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင့်အကြို မူလတန်းဆရာ အတတ်ပညာ ခြောက်လ သင်တန်း(PPTT)ကို နေ့တက်ကျောင်းသားများအား ခေါ်ယူသင်ကြားပေးရန် စီစဉ်နေသည်။

‘‘ဒီနှစ်အတွက် ခေါ်ထားတဲ့ PPTT သင်တန်းကနေ လာမယ့် ဒီဇင်ဘာကျရင် ဆရာ ခြောက်ထောင်ကျော်လောက် လုပ်ငန်းခွင်ကို မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ်။ နောက်ထပ်လည်း နေ့တက်ကျောင်းသား ငါးထောင်ကျော်ကို ပညာရေး ကောလိပ်တွေမှာ သင်ပေးဖို့ စီစဉ်ပေးနေတယ်’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားအရေအတွက် ရှစ်သန်းကျော် တက်ရောက် ပညာသင်ယူနေသော်လည်း ဆရာအရေအတွက်မှာ သုံးသိန်းကျော်သာရှိနေသောကြောင့် ကျောင်းသား၊ ဆရာအချိုး ကွာဟချက်ကြီးမားနေသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာကဏ္ဍ ဆရာလိုအပ်ချက်များကို ဖြည့်တင်းနိုင်မည်ဆိုပါက ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားများအတွက် သင်ကြားပေးမည့် ဆရာများ ရောက်ရှိလာနိုင်မည်ဖြစ်သလိုအခြေခံပညာမူလတန်းအပြီးတွင် ကျောင်းထွက်နှုန်းမြင့်မားနေမှုကိုလည်း တစ်ဖက်တစ်လမ်းမှ လျော့ကျသွားစေနိုင်မည်ဖြစ်သည်။

7day daily

မှတ်ချက်များ