![]() |
| Photo_dailymail |
ယမန်နေ့က ဆားဘီယား အသင်း ယူရို ၂၀၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ အယ်ဘေးနီးယား နိုင်ငံကို ရောက်ရှိပြီး နာရီပိုင်း အတွင်းမှ အသင်း ဘတ်စ်ကားကို ခဲတွေနဲ့
ပစ်ပေါက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အယ်ဘေးနီးယားက ဆားဘီးယားနဲ့ ဒီညမှာ ကစားမယ့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ယမန်နှစ် ဆားဘီးယား အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါ ၂သင်းရဲ့ ပွဲစဉ်မှာတုန်းကလည်း ပွဲကစားနေစဉ် “မဟာ အယ်ဘေးနီးယား” စာတန်း ချိတ်ဆွဲထားတဲ့ အဝေးထိန်း လေယာဉ်ငယ် တစ်စင်း ရောက်ရှိလာပြီး ဆားဘီးယား ကစားသမား တစ်ဦးက အဆိုပါ စာတန်းကို ဆွဲဖြုတ်ခဲ့ပြီး နောက်ပိုင်းမှာ ၂ဖက် ကစားသမားတွေ အချင်းများကာ ပွဲကိုလည်း ရပ်နားခဲ့ရ ပါတယ်။
ဘော်လ်ကန် ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ဆားဘီးယားနဲ့ အယ်ဘေးနီးယားတို့က ယခင် ဆားဘီးယား နိုင်ငံထဲမှာ ပါဝင်ခဲ့ပြီး အယ်ဘေးနီးယား လူမျိုး အများစု နေထိုင်ရာ ကိုဆိုဗို ပြည်နယ် (ယခု ကိုဆိုဗို နိုင်ငံ)နဲ့ ပတ်သက်ပြီး အရင်ကတည်းက မသင့်မြတ်မှုတွေ ရှိထားတယ်လို့ သိရပါတယ်။
ဆားဘီးယား အသင်း ဘတ်စ်ကား ခဲနဲ့ပစ်ပေါက်ခံရတဲ့ ဗီဒီယိုကို ဆားဘီယား ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသခဲ့ပြီး အနည်းဆုံး ခဲလုံး၂လုံး ကားကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဘတ်စ်ကားအတွင်းမှာ “ခေါင်းတွေ ငုံ့ထားကြ”လို့ ပြောဆိုသံကို ကြားရပြီး လူတွေ ထိခိုက် ဒဏ်ရာရခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။
ဆားဘီယား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တိုမီဆလပ် ကာရာဇစ်က သူ့အသင်းရဲ့ ကစားသမားတွေကို လေဆိပ်မှ ဟိုတယ်အထိ လမ်းကြောင်းတစ်လျှောက် ရဲတပ်ဖွဲ့ လုံခြုံရေး စောင့်ရှောက်မှု ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အယ်ဘေးနီးယားက ယနေ့ည ကစားမယ့် အဆိုပါ ပွဲစဉ်မာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၈၀၀ ချထားမယ်လို့ ဆိုပါတယ်။
ယမန်နှစ် အဝေးထိန်း လေယာဉ်ငယ် နောက်ကွယ်က စီစဉ်ခဲ့သူကို ပစ္စတို တစ်လက် ပိုင်ဆိုင်မှု၊ ဘောလုံးပွဲ လက်မှတ် ၃၆စောင် ပိုင်ဆိုင်မှုတို့နဲ့ ယမန်နေ့က အယ်ဘေးနီးယားမှာ ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ စီစဉ်ခဲ့သူကို ပွဲကြည့်ခွင့် ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။
Writer_aung sann moes / Planet Myanmar

မှတ်ချက်များ