အာဖဂန်ငလျင်ဒဏ်သင့်ဒေသကို ကယ်ဆယ်ရေးအဖွဲ့တွေရောက်ဖို့ ခက်ခဲနေ
ပြင်းအား ၇.၅ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နယ်မြေတွေမှာ မနေ့ကလှုပ်ခတ်သွားတဲ့အတွက် အဲဒီနေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့အတွက် အခက်ကြုံနေရကြောင်း သိရပါတယ်။
ဒီငလျင်ကြောင့် အနည်းဆုံး လူ ၃၀၀ သေဆုံးပြီး ၂၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိမှန်း မခန့်မှန်းနိုင်သေးတဲ့ တောင်တန်းဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပေမယ့် ငလျင်နောက်ဆက်တွဲ လမ်းပျက်စီးမှုတွေကြောင့် အရင်ကတည်းက သွားလာရခက်တဲ့ နယ်မြေတွေကို ရောက်ဖို့ အခက်ကြုံနေရပါတယ်။
သေဆုံးသူတွေထဲမှာ အာဖဂန်ကျောင်းသူ ၁၂ ဦးပါဝင်ပြီး ဒီကလေးတွေကတော့ ငလျင်လှုပ်တဲ့အချိန် စာသင်ခန်းထဲက ပြေးအထွက်မှာ လူတက်နင်းမိလို့ သေဆုံးခဲ့ရတာပါ။
အဲဒီနယ်မြေတွေက ဒေသခံတွေဟာ ငလျင်ထပ်လှုပ်မှာ စိုးရိမ်နေကြတဲ့အတွက် အမိုးအကာအောက်မှာ မအိပ်ရဲကြဘဲ ရေခဲလုနီးအေးနေတဲ့ ရာသီဥတုကိုအံတုပြီး ဟင်းလင်းပြင်တွေမှာ အိပ်စက်ကြတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဘူမိလေ့လာရေးအဖွဲ့ ထုတ်ပြန်ချက်အရ ဒီငလျင်ဟာ တောင်တန်းဒေသဖြစ်တဲ့ ဟင်ဒူကက်ရှ်ကို ဗဟိုပြုခဲ့တာဖြစ်ပြီး ငလျင်ဗဟိုချက်ကတော့ ကမ္ဘာ့မြေလွှာအောက် ကီလိုမီတာ ၂၀၀ ကျော်(၁၂၅မိုင်) မှာလို့ သိရပါတယ်။
အခုငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေအဖြစ် ပြင်းအား ၄ နဲ့ အထက်ရှိတဲ့ ငလျင်တွေဟာ ဆက်လက်လှုပ်ခတ်နေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံမြို့တော် ဒေလီနဲ့ ပါကစ္စတန်မြို့တော် ကဘူးလ်တို့မှာလည်း ဒီငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရပြီး ကြောက်လန့်နေတဲ့ လူပေါင်းများစွာဟာ လမ်းတွေပေါ်ကို ပြေးထွက်ခဲ့ကြပါတယ်။
အခုငလျင်လှုပ်ခတ်သွားတဲ့ဒေသဟာ အင်အားပြင်းငလျင်တွေကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဟာ ယူရေးရှားကုန်းမြေနဲ့ တိုက်ခတ်ခဲ့တဲ့ သမိုင်းရှိပြီး အဲဒီကုန်းမြေ ၂ ခုဟာလည်း တစ်နှစ်ကို ၄-၅ စင်တီမီတာနှုန်းနဲ့ နီးကပ်လာနေပါတယ်။
၂၀၀၅ ခုနှစ်က ပါကစ္စတန်နိုင်ငံ ကက်ရှ်မီးယားမှာ ၇.၆ ပြင်းအားရှိတဲ့ငလျင်ကြောင့် လူပေါင်း ၇ သောင်းခွဲကျော် သေကျေခဲ့ရသလို ဒီနှစ် ဧပြီလကလည်း နီပေါမှာ ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၉၀၀၀ သေဆုံးခဲ့ပြီး အိုးအိမ် ၉ သိန်းကျော် ပျက်စီးခဲ့ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)












မှတ်ချက်များ