ခင်ပွန်းဖြစ်သူရဲ့ပိတ်ပင်မှုကြောင့် ဘောလုံးမကစားရတဲ့ အမျိုးသမီး
အီရန်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ပိတ်ပင်မှုကြောင့် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရဘဲ ဖြစ်ခဲ့ရပါတယ်။
Lady Goal လို့ ချစ်စနိုးခေါ်ဝေါ်ခံရတဲ့ အီရန်အမျိုးသမီးဘောလုံးသမား နီလူဖာအာဒါလန်ဟာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာရှအမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ သူမရဲ့နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ဖို့ လိုအပ်လာတာမို့ ခင်ပွန်းဖြစ်သူ ထံက ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ အစ္စလာမ်မစ်ဥပဒေအရ လက်ထပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မယ်ဆိုရင် ခင်ပွန်းဖြစ်သူထံက ခွင့်ပြုချက်ရယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
နီလူဖာရဲ့ခင်ပွန်း အားကစားဂျာနယ်လစ် တူတိုအန်ချီကတော့ သူတို့ရဲ့ ခုနှစ်အရွယ်သားကလေးရဲ့ ပထမဆုံး ကျောင်းတက်ရမယ့်နေ့မှာ ဇနီးဖြစ်သူကို အနားမှာ ရှိစေချင်တာမို့ အခုလို ပိတ်ပင်ခဲ့ရတာလို့ အကြောင်းပြခဲ့ပါတယ်။
“ ကျွန်မ ခင်ပွန်းဆီက ခွင့်ပြုချက်မရတာမို့ ပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကို ကျွန်မ လွမ်းနေတော့မှာပါ။ အာဏာပိုင်တွေအနေနဲ့ ခုလိုအခြေအနေမျိုးမှာ အမျိုးသမီးတွေရဲ့ကိုယ်ပိုင်အခွင့်အရေးကို ကာကွယ်နိုင်ဖို့ နည်းလမ်းရှာပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ နီလူဖာက ဆိုပါတယ်။
နီလူဖာက မွတ်စလင် အမျိုးသမီးတစ်ယောက်အနေနဲ့ အားလပ်ချိန်မှာ အနားယူဖို့ထက် အီရန်ကိုယ်စားပြုဘောလုံးအသင်းမှာ ဂုဏ်ယူစွာ ကစားပေးချင်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ