အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(G) နောက်ဆုံးနေ့ ပွဲစဉ်များ ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာ အသင်းမှာ ရှုံးပွဲကြုံတွေ့ပြီး ခြေစစ်ပွဲ မအောင်ခဲ့ပေ။
ဗီယက်နမ် - တစ်ဂိုး။
မြန်မာ - ဂိုးမရှိ။
ခြေစွမ်းပိုင်းကွာဟမှု၊ တစ်ဦးချင်းဘောလုံးစွမ်းရည် အားနည်းမှုများနှင့်အတူ မြန်မာအသင်းမှာ ခြေစစ်ပွဲ အောင်မြင်ရေးအဆုံးအဖြတ်ပွဲတွင် ဗီယက်နမ်ကို အရှုံးပေး ခဲ့ရပြီး ခြေစစ်ပွဲမအောင်ခဲ့ပေ။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ ကတည်းက မြန်မာအသင်းကို အနိုင်ကစားထားသည့် ဗီယက်နမ်အသင်းမှာ ယခုပွဲတွင်လည်း ခြေစွမ်းပြကစား ကာ လိုအပ်နေသည့် နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းမှာ အဆုံးအဖြတ်ပွဲဖြစ်သောကြောင့် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရသည့် ဇင်ဖြိုးအောင်နှင့် ဂိုးသမား ဘုန်းသစ္စာမင်းတို့ အပါအဝင် အမာခံ ကစား သမားအစုံအလင်ဖြင့်ပွဲထွက်ခဲ့သည်။ မြန်မာအသင်းမှာ ပွဲအစခဏပိုင်းသာ ဖိကစားနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဗီယက်နမ်အသင်းက ပွဲကို ထိန်းချုပ်သွားခဲ့သည်။ ကစားပုံ ခြေစွမ်းကောင်းမွန်သည့် ဗီယက်နမ်အသင်းမှာ ပွဲကို လိုသလို ထိန်းချုပ်ကစားသွားခဲ့ပြီး အိမ်ရှင်ပရိသတ်၏ ဖိအားကို ရှောင်ရှားကာ မြန်မာအသင်းကို ဖိအားပေးနိုင်ခဲ့ သည်။ မြန်မာနောက်တန်းမှာ ဗီယက်နမ်တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အခွင့်အရေးများပေးခဲ့ရသည်။ ၁၉မိနစ်တွင် ဗီယက်နမ်အသင်းအနိုင်ဂိုးရခဲ့ပြီး ဟာနူချင်က သွင်းယူပေးခဲ့သည်။
မြန်မာအသင်းမှာချေပဂိုးရရှိရေးအတွက် ဒုတိယပိုင်း တွင် လူအပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း ကစားအား တက်မလာခဲ့ပေ။ မြန်မာအသင်းမှာ တိုက်စစ်အားပြုရ မည့်အချိန်တွင် ကွင်းလယ်၌သာ အချိန်ကုန်နေသလို ကွင်းလယ်နှင့် တိုက်စစ်ချိတ်ဆက်ရာတွင် အမှားများခဲ့၍ ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ ဗီယက်နမ်နောက်တန်း မှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၅၁ မိနစ်တွင် ပင်နယ်တီကန်ခွင့်ရခဲ့သော်လည်း ငုယင်ထရန် ဝင်အောင် မသွင်းနိုင်၍ ဗီယက်နမ်အသင်း တစ်ဂိုးဖြင့်သာ ကျေနပ် ခဲ့ရခြင်းဖြစ်သည်။
ပထမပွဲတွင် ဟောင်ကောင်အသင်းက ဘရူနိုင်း အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စုပွဲစဉ် များ အပြီးတွင် ဗီယက်နမ်အသင်းက လေးပွဲစလုံးနိုင်ကာ ၁၂မှတ်ဖြင့် အုပ်စုပထမရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ သည်။ မြန်မာအသင်းမှာ လေးပွဲကစား ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယနေရာရရှိခဲ့သော်လည်း အကောင်းဆုံး အုပ်စု ဒုတိယငါးသင်း စာရင်းမဝင်ခဲ့သောကြောင့် ဟောင်ကောင်၊ တီမော၊ ဘရူနိုင်းအသင်းတို့နှင့် ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။
ရှိုင်းထက်ဇော်
Credit : MOI

မှတ်ချက်များ