သင့်ရဲ့အိမ်ကို ကောင်းအောင်ဆောက်ပါ


ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုမှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာကြီးတစ်ယောက်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ အနားယူဖို့အချိန်၊ ပင်စင်ယူဖို့အချိန် နီးကပ်လာပါပြီ။ တသက်လုံးအလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့တာမို့ အနားယူဖို့လည်း လုံလုံလောက်လောက် စုဆောင်းမိနေပါပြီ။ ဒါနဲ့ အင်ဂျင်နီယာကြီးကလည်း သူ ပင်စင်ယူဖို့ ကိစ္စကို ကုမ္ပဏီရဲ့ ဒါရိုက်တာကြီးနဲ့ သွားရောက်တွေ့ ဆုံပြီး တင်ပြလိုက်ပါတယ်။

အင်ဂျင်နီယာကြီးဟာ ထူးချွန်ပြီး အလုပ်ကြိုးစားတဲ့ ၀န်ထမ်းကောင်းဖြစ်တာမို့ သူအခုလို အနားယူတော့မယ်ဆိုတော့ ဒါရိုက်တာကြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ ကြီးကလည်း အသက်အရွယ်ရနေပြီမို့ အနားယူဖို့ ခွင့်ပြုပေးရမှာပါ။ ဒါပေမဲ့ အင်ဂျင်နီယာကြီး အနားမယူမီမှာ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကို တာဝန်ယူ တည်ဆောက်ပေးသွားဖို့ တောင်းဆိုပါတယ်။ အင်ဂျင်နီယာကြီးကလည်း ဆောက်လုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။

အဲ့ဒီအိမ်ကို တာဝန်ယူဆောက်ုလုပ်တဲ့အခါမှာ အနားယူဖို့ စိတ်စောနေလို့ အင်ဂျင်နီယာကြီးအနေနဲ့ သိပ်တော့ စိတ်မပါတော့ဘူး။ ဒါကြောင့် ပြီးလွယ်စီးလွယ်ပဲ အိမ်ကိုမြန်မြန် ဆောက်လုပ်လိုက်ပါတယ်။ ဒီလိုနဲ့ အိမ်ကို ဆောက်လုပ်ပြီးလို့ ဒါရိုက်တာကြီးဆီအပ်တဲ့ နေ့မှာတော့ မကြာမီ အနားယူရတော့မယ် ဆိုတဲ့ အသိနဲ့ အင်ဂျင်နီယာကြီးလည်း ပေါ့ပါးသွက်လက်နေပါသည်။

ဒါပေမဲ့ ဒါရိုက်တာကြီး ပြောလိုက်တဲ့ စကားတစ်ခွန်းက အင်ဂျင်နီယာကြီးကို အကြီးအကျယ် တုန်လှုပ်ပြီး နောင်တရသွားစေ ပါတယ်။

အဲ့ဒီစကားက ဘာလို့ထင်ပါသလဲ.................

စာဖတ်သူအနေနဲ့ အဲဒီစကားက ဘာဖြစ်မယ်ဆိုတာကို မိမိဘာသာ စဉ်းစားအဖြေရှာ ကြည့်ပြီးပြီ ဆိုရင်တော့ မိမိရရဲ့ အဖြေမှန်ကို တိုက်ဆိုင်စစ်ဆေး ကြည့်နိုင်ပါတယ်။

ဒါရိုက်တာကြီးပြောလိုက်တာကတော့............

"ကဲခင်ဗျားလည်း ကျုပ်တို့ကုမ္ပဏီအပေါ် မှာ နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုခဲ့ ပြီးပြီ။ အခုခင်ဗျား အနားယူတော့မှာ ဆိုတော့ ကျုပ်တို့ကုမ္ပဏီအနေနဲ့ ဒီအိမ်ကို ခင်ဗျားအတွက် ဂုဏ်ပြုလက်ဆောင် ပေးလိုက်ပါတယ်" ဖြစ်ပါတယ်။

စားရေးသူတို့ဟာ နေ့စဉ်နေ့တိုင်း မိမိရဲ့အိမ်ကို ဆောက်လုပ်နေကြတယ်ဆိုတာ မမေ့ပါနဲ့ ။ သင့်ရဲ့ အလုပ်ထဲမှာ စိတ်ပါဝင်စားမှုတွေ လျော့လာတိုင်း ဒီအဖြစ်အပျက်လေးကို ပြန်လည်ဖတ်ရှု့ ပြန်ပြောင်းသတိရသင့်ပါတယ်။ ကိုယ်နေမယ့်အိမ်ကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် စေတနာအပြည့်နဲ့ ကိုယ်ကိုယ်တိုင် ကြိုးစား တည်ဆောက်ဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ လုပ်ဆောင်မှုဟာ သင့်ရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ယနေ့သင့်ရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုဟာ နောင်တချိန်မှာ သင့်ကို အကောင်းဆုံးနေရာကို ရောက်စေနိုင်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ အဓိကက သင့်အနေနဲ့ စဉ်ဆက်မပြတ်ကြိုးစား အားထုတ်နေဖို့ ဖြစ်ပါတယ်။

"သင့်အိမ်ဒီဇိုင်းကို ကြိုတင်ရေးဆွဲပါ"

အိမ်တစ်လုံးကို တည်ဆောက်တဲ့ နေရာမှာ ဒီဇိုင်းကို ကြိုတင်မရေးဆွဲပဲ တည်ဆောက်လို့ မရပါဘူး။ ဒီဇိုင်းမပါဘဲ တည်ဆောက်တဲ့ အိမ်ဆိုရင် ပုံပျက်ပန်းပျက်ပဲ ထွက်လာမှာပါ။ ဘ၀ဆိုတဲ့ အိမ်ကို တည်ဆောက်တဲ့ နေရာမှာလည်း ဒီလိုပါပဲ။ မိမိလိုချင်တဲ့ ပုံစံဖြစ်အောင် မိမိရဲ့အိမ် (၀ါ) မိမိရဲ့ ဘ၀ကို ကြိုတင်ဒီဇိုင်း ရေးဆွဲထားဖို့ လိုအပ်ပါတယ်။

ခရီးတစ်ခုကို သွားရင်တောင် စာရေးသူတို့အနေနဲ့ မသွားမီကတည်းက ကိုယ်သွားချင်တဲ့နေရာ (၀ါ) ကိုယ်ရောက်ချင်တဲ့ နေရာကို စိတ်ထဲမှာ ကြိုတင်ပြီး အသေအချာ တိတိကျကျသိမှ သွားလေ့ရှိကြတာပါ။ ဘ၀ဆိုတဲ့ခရီးကို အများစုဟာ ဘယ်ကိုရောက်ရောက် ဘယ်ကိုပေါက်ပေါက် ဖြစ်သလို သွားနေကြပါတယ်။ ပုံကြမ်းကောင်းမှ ပုံချောကောင်းမှာ ဖြစ်တဲ့အတွက် မိမိရဲ့အိမ်ကို အကောင်းဆုံးဖြစ်အောင် မိမိရဲ့ ဘ၀ဒီဇိုင်းကို အကောင်းဆုံးကြိုတင် ရေးဆွဲနိုင်ဖို့ လိုအပ်ပါတယ်။ သင်နေ့စဉ်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေဟာ သင့်ဘ၀အိမ်ကို အကောင်းဆုံးဖြစ်အောင် သင့်ရဲ့ ဂုဏ်သိက္ခာတွေနဲ့ ယှယ်နွယ်ပြီး တည်ဆောက်နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ယခုပဲ သင့်ရဲ့အိမ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်လိုက်ပါ မိတ်ဆွေ။

Ref : Opportunity Journal
Written By : လင်းသိုက်ညွန့် (မြန်မာ့မြေ)
Photo Credit : Life Style Residencies
Posted By : Moe Thae'

မှတ်ချက်များ