မန္တလေးမြို့ မဟုတ်တဲ့ Mandalay Entertainment
Mandalay Entertainment လို့ အမည်ရတဲ့ ကုမ္ဗဏီကို Peter Guber လို့ အမည်ရတဲ့ အမေရိကန်မှ စွန့်ဦး တီထွင်သူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ တည်ထောင်ထားတာ ဖြစ်ပါတယ်။ သူဘာကြောင့် ယင်း နာမည် ပေးခဲ့တယ်တော့ မသိပါဘူး။ ၁၉၉၅ ခုနှစ်က Sony ကနေ အလုပ်ထွက်ရန် စီစဉ်ပြီး Mandalay Entertainment အမည်ရ လုပ်ငန်းကို စတင် တည်ထောင်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ Mandalay Pictures, Mandalay Motion, Mandalay Sport Television အစရှိသဖြင့် အခွဲလုပ်ငန်းများကို ဆက်လုပ် ပါတယ်။ စုစုပေါင်း ဝန်ထမ်းအင်အား ၄၀ ကျော်ဖြင့်သာ လည်ပတ်ပေမယ့် Mandalay Entertainment ဟာ Peter ကို ဘီလျံနာ ဖြစ်စေတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ သူ့ အောက်ကနေ ရိုက်ကူးတဲ့ ရုပ်ရှင်များစွာ အကယ်ဒမီ ရရှိရန် ရွေးချယ်ခံရမှု အကြိမ် ၅၀ မက ပါဝင်ပြီး ဇာတ်ကား အတော်များများလည်း ဆုရရှိပါတယ်။ Enemy at the Gates, Beyond Borders, I Know What You Did Last Summer, Into the Blue, စရှိသဖြင့် နှစ်နှစ်ဆယ် ကျော်အတွင်း ဇာတ်ကားပေါင်း ၂၅ ကား မက ထုပ်လုပ် ဖန်တီးပေးနိုင်ခဲ့ပြီး တသီးတခြား ရုပ်ရှင် စတူဒီယို အဖြစ် ရပ်တည်ခဲ့ ပါတယ်။ သူဟာ အမေရိကန်ရဲ့ အဓိက ရုပ်ရှင် စတူဒီယို ထဲမှာတော့ မပါဝင် ပါဘူး။ Lions Gate မှ ပိုင်ဆိုင်ခဲ့ဖူးပေမယ့် ၂၀၀၂ ခုနှစ်က ရှယ်ယာများကို ထုတ်ရောင်းခဲ့ပြီး ဖြစ်ပါတယ်။
Mandalay ဆိုတဲ့ အမည်ကို အသုံးပြုတာကြောင့် အချို့က မြန်မာပြည်နဲ့ ဘာများ ဆက်စပ်သလဲလို့ ယူဆပေမယ့် သူက မြန်မာနဲ့ ဘယ်လိုမှ မပက်သက် ပါဘူး။ Google Search မှာ Mandalay ဆိုတာကို ရိုက်ပြီးတော့ ရှာရင်တော့ သူဟာ ပထမ စာမျက်နှာရဲ့ အောက်ဆုံးနားလောက်မှာ ရှိပြီး Mandalay entertainment, Mandalay picture အစရှိသဖြင့် ရိုက်ရှာရင် ထိပ်ဆုံး ပေါ်ပါလိမ့်မယ်။ www.mandalay.com ဟာလည်း ၎င်းတို့ ပိုင်တဲ့ domain ပဲ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ