သာဝတ္ထိမြို့အနီး ရွာငယ်က
သူကြွယ်တစ်ဦးမှာ မြုံနေတဲ့ မယားရှိတယ်။
အဲဒီသူကြွယ်ရဲ့ဆွေမျိုးတွေက
“သင်ရဲ့ မယား က မြုံနေတယ်။ သင့်အတွက်
အခြားသတို့သမီးကို ဆောင်ယူကြမယ်”လို့ ပြောကြတယ်။
သူကြွယ်က သူ့မယားအပေါ် ချစ်လို့ အလိုမရှိ။
အဲဒီအခါ သူ့မယားက အဲဒီဖြစ်ပုံကို ကြားရပြီး
“အို အရှင်…ကျွန်မက မြုံနေပါတယ်။
အခြားသတို့သမီးကို ဆောင်ယူထိုက်ပါတယ်။
သင်ရဲ့အမျိုးအနွယ် မပြတ်စဲပါစေနဲ့”လို့ ပြောတယ်။
မယားက အထပ်ထပ် ပြောလာတဲ့အခါ
အခြားသတို့သမီးကို သူကြွယ်က ဆောင်ယူလိုက်ပါတယ်။
အဲဒီသတို့သမီး (မယားငယ်) ဟာ နောင်အခါမှာ ကိုယ်ဝန်
ရလာတယ်။ အမြုံမိန်းမ (မယားကြီး)က
“ဒီမိန်းမဟာ သားကိုရပြီး ဒီအိမ်ရဲ့ အစိုးရသူ ဖြစ်သွားလိမ့်မယ်”
လို့ တွေးကာ မနာလိုဖြစ်ပြီး မယားငယ်ရဲ့
ကိုယ်ဝန်ဖျက်တဲ့နည်းကို ရှာမှီးတဲ့အခါ
ပရိဗိုဇ်မတစ်ယောက်ကို ထမင်း၊ ဖျော်ရည်စသည်တွေနဲ့
သိမ်းသွင်းကာ အဲဒီ ပရိဗိုဇ်မကို အဲဒီမယားငယ်အား
ကိုယ်ဝန်ကျဆေး ပေးစေပါတယ်။
❖မယားငယ်ဟာ ကိုယ်ဝန်ကျပြီးတဲ့အခါ
သူမရဲ့မိခင်အား ပြောပြတယ်။
မိခင်က ဆွေမျိုးတွေကို ပေါင်းစုပြီး
အဲဒီအကြောင်းကို အသိပေးတယ်။
အဲဒီဆွေမျိုးတွေက အမြုံမကို
“သင်ဟာ ဒီမိန်းမရဲ့ ကိုယ်ဝန်ကျအောင်
လုပ်သလား” လို့ မေးကြတယ်။
“ကျွန်မ မကျစေပါ”
“သင်၊ကိုယ်ဝန်မဖျက်ဆီးခဲ့ရင် ကျိန်စာဆိုပါ”
❖“ငါဟာ ကိုယ်ဝန်ဖျက်ဆီးခဲ့ရင်
ဘဝဆိုးကို ရောက်ကာ ဆာလောင်မွတ်သိပ်မှု
နှိပ်စက်ခံရပြီး ညနေပိုင်းရော နံနက်ပိုင်းမှာ
သား ၅ ယောက်၊၅ ယောက်တို့ကို ဖွားမြင်ပြီး
ခဲစားကာ မတင်းတိမ်ရပါစေသား။ အမြဲ အနံ့ဆိုးကာ
ယင်ကောင်တွေလည်း အဝိုင်းခံရပါစေသား။”
အဲဒီလိုလိမ်ပြောပြီး ကျိန်စာဆိုပါတယ်။
မယားကြီး ဟာ မကြာခင်ပဲ သေပြီး အဲဒီရွာရဲ့
အနီးမှာပဲ ရုပ်ဆိုးတဲ့ပြိတ္တာမ ဖြစ်တယ်။
❖အဲဒီအခါ ဇနပုဒ်မှာ ဝါကျွတ်အောင်
နေပြီးတဲ့ မထေရ် ၈ ပါးက ဘုရားရှင်ကို ဖူးမြော်ဖို့
သာဝတ္ထိမြို့ကို လာကြတယ်။ အဲဒီရွာရဲ့အနီးမှာ
အရိပ်၊ ရေနဲ့ ပြည့်စုံတဲ့တောအရပ်မှာ ဝါကပ်ကြတယ်။
အဲဒီအခါ အဲဒီပြိတ္တာမက မထေရ်တွေအား
ကိုယ်ထင်ပြတယ်။ အဲဒီမထေရ်တွေထဲက
မထေရ်ကြီးက အဲဒီပြိတ္တာမကို မေးပါတယ်။
“သင်ဟာ အဝတ်လည်းမပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်း
သဏ္ဌာန်လည်းရှိတယ်။ မကောင်းနံ့ရှိတယ်။
သင့် ကိုယ်က အပုပ်နံ့ နံတယ်။ ယင်ကောင်တွေနဲ့
ဝိုင်းအုံနေတယ်။ ဒီအရပ်မှာ ရပ်တည်နေတဲ့သင်ကာ
ဘယ်သူလဲ”
မဟာထေရ်က အမေးခံရတဲ့အခါ ပြိတ္တာမက
သူ့ကိုယ်ကို ထင်ရှားပြရင်း သတ္တဝါတွေအား
သံဝေဂဖြစ်စေလိုလို့ အောက်ပါအတိုင်း ပြောပါတယ်။
❖“အရှင်ဘုရား…. တပည့်တော်မဟာ ယမမင်းနိုင်ငံ
ပြိတ္တာဘုံမှာ အကျုံးဝင်ပါတယ်။ ဘဝဆိုးရောက်နေတဲ့
ပြိတ္တာမ ဖြစ်ပါတယ်။ မကောင်းမှုကံကို ပြုမိခဲ့လို့
ဒီလူ့ လောကမှ ပြိတ္တာလောကကို ရောက်နေရပါတယ်။
တပည့်တော်မဟာ နံနက်ပိုင်းမှာ သား ၅ ယောက်၊
တစ်ဖန် ညနေပိုင်းမှာ သား ၅ ယောက်တို့ကို နေ့တိုင်း
နေ့တိုင်း ဖွားမြင်ပြီး အဲဒီသားတွေကို ခဲစားရပါတယ်။
အဲဒီသား ၁၀ ယောက်ကတောင်မှ တပည့်တော်မရဲ့
တစ်နေ့တာ ဆာလောင်မွတ်သိပ်မှုကို မပယ်ဖျောက်နိုင်ပါ။
တပည့်တော်ရဲ့ နှလုံးသားဟာ ဆာလောင်မွတ်သိပ်
နှိပ်စက်ခံရလို့ ပူလောင် လှပါတယ်။ အခိုး
တထောင်းထောင်းထသလို ဖြစ်ပါတယ်။
ရေဆာလို့ ဟိုဟိုဒီဒီ လှည့်လည်တဲ့အခါ ရေကိုတောင်
မသောက်ရပါ။ ဆင်းရဲပျက်စီးခြင်းသို့ ရောက်နေတဲ့
တပည့်တော်ကို ကြည့်ရှုတော်မူပါ” အဲဒီစကားကို
ကြားရပြီး မထေရ်က သူမရဲ့ ပြုလုပ်ခဲ့တဲ့ကံကို မေးပါတယ်။
“သင်ဟာ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ဘယ်
မကောင်းမှုကို ပြုလုပ်ခဲ့ပါသလဲ။
ဘယ်ကံရဲ့ အကျိုးကြောင့် မွေးဖွားလာတဲ့
သားတွေရဲ့အသားတွေကို စားရပါဘိသလဲ”
အဲဒီအခါ အဲဒီပြိတ္တာမက သူပြုလုပ်ခဲ့တဲ့ ကံကို
မထေရ်အား ပြောပြပါတယ်။
❖“အရှင်ဘုရား-
တပည့်တော်ရဲ့ လင်တူမိန်းမမှာ ကိုယ်ဝန်ရှိခဲ့ပါတယ်။
အဲဒီလင်တူမိန်းမအပေါ် ယုတ်မာတဲ့အမှုကို
အားထုတ်ခဲ့ပါတယ်။တပည့်တော်မဟာ ဒေါသစိတ်နဲ့
ကိုယ်ဝန်ကျအောင် ပြုလုပ်ခဲ့ပါတယ်။
အဲဒီလင်တူမိန်းမရဲ့ နှစ်လရှိ ကိုယ်ဝန်ဟာ
ပျက်ပြီး သွေးဖြစ်ကာ ယိုစီးကျလာပါတယ်။ အဲဒီအခါမှာ
အဲဒီလင်တူမိန်းမရဲ့မိခင်က တပည့်တော်မကို
အမျက်ထွက်ပြီး သူ့ဆွေမျိုးတွေကို စုဝေးစေပါတယ်။
တပည့်တော်မကို ကျိန်စာလည်း ဆိုခိုင်းပါတယ်။
ကြောက်ဖွယ်ဘေးနဲ့လည်း ခြိမ်းခြောက်ပါတယ်။
တပည့်တော်မဟာ
❖“အဲဒီကိုယ်ဝန်ချတာကို ကျွန်မပြုမိခဲ့ရင် ကျွန်မ
သားတွေရဲ့အသားတွေကို ခံစားရပါစေသား” လို့
ကြမ်းတမ်းတဲ့ ကျိန်စာကိုရော၊
မုသားစကားကိုပါ ပြောဆိုခဲ့ပါတယ်။
❖အဲဒီကိုယ်ဝန်ချတဲ့ ပါဏာတိပါတာကံနဲ့
မုသားစကားပြောတဲ့ မုသာဝါဒကံ နှစ်မျိုးရဲ့
အကျိုးကြောင့် ပြည်သွေးတွေနဲ့လိမ်းကျံတဲ့
သားတွေရဲ့အသားတွေကို ခဲစားခဲ့ရပါတယ်”
အဲဒီပြိတ္တာမက အဲဒီလို သူ့ကံအကျိုးကို ပြောပြပြီး
တစ်ဖန် မထေရ်တွေကို ဒီလိုလျှောက်ထားပါတယ်။
❖“အရှင်ဘုရားတို့…. တပည့်တော်ဟာ
အဲဒီရွာမှာပဲ ဒီအမည်ရှိ သူကြွယ်ရဲ့
မယားဖြစ်ကာ မနာလိုမှု နှိပ်စက်ခံရလို့
မကောင်းမှုကိုလုပ်ပြီး ဒီလို ပြိတ္တာဘုံမှာ ဖြစ်နေပါတယ်။
တောင်းပန်ပါတယ်ဘုရား။
အဲဒီသူကြွယ်ရဲ့အိမ်ကို ကြွတော်မူကြပါ။
သူက အရှင်ဘုရားတို့အား အလှူကို လှူပါလိမ့်မယ်။
အဲဒီအလှူကို တပည့်တော်အား အမျှပေးဝေ
ခိုင်းတော်မူကြပါ။အဲဒီလိုလုပ်ရင် တပည့်တော်ဟာ
ဒီပြိတ္တာဘဝမှ လွတ်ရပါလိမ့်မယ်။”
မထေရ်တွေက အဲဒီစကားကို ကြားရပြီး
သူမကို သနားတဲ့အတွက် ကယ်တင်လိုကြလို့
အဲဒီသူကြွယ်ရဲ့အိမ်ကို ဆွမ်းခံဝင်ကြဝာယ်။
သူကြွယ်က မထေရ်တွေကို မြင်ရပြီး
ကြည်ညိုကာ ခရီးဦးကြိုဆိုတယ်။
သပိတ်တွေကို ယူပြီး မထေရ်တွေကို နေရာတွေမှာ
ထိုင်စေကာ မွန်မြတ်တဲ့စားဖွယ်နဲ့ဆွမ်းကျွေးဖို့
ကြိုးစားတယ်။ မထေရ်တွေက အဲဒီဖြစ်ပုံ
အကြောင်းကို သူကြွယ်အား ပြောပြပြီး ၊
အဲဒီအလှူကို အဲဒီပြိတ္တာမအား
အမျှပေးဝေစေကြပါတယ်။
အဲဒီ ခဏမှာပဲအဲဒီ ပြိတ္တာမ ဟာ
အဲဒီဆင်းရဲမှလွတ်ကင်းကာမြင့်မြတ်တဲ့စည်းစိမ်ကို
ရပြီး ညအခါမှာ သူကြွယ်အား ကိုယ်ထင်ပြတယ်။
အဲဒီအခါ မထေရ်တွေက အစဉ်အတိုင်း
သာဝတ္ထိမြို့ကို သွားပြီး ဘုရားရှင်အား အဲဒီအကြောင်းကို
လျှောက်ထားကြတယ်။ ဘုရားရှင်က အဲဒီအကြောင်းကို
အကြောင်းပြုပြီး ရောက်လာတဲ့ပရိသတ်အား
တရားဟောတယ်။တရားဒေသနာ အဆုံးမှာ
လူအများဟာ သံဝေဂရကာ နှမြော၁န်တိုမှုမှ
ရှောင်ကြဉ်ကြတယ်။အဲဒီလို အဲဒီ တရားဒေသနာဟာ
လူအများမှာ အကျိုးများတယ်။
-【ပေတဝတ္ထု၊ဋ္ဌ၊၃၀】
မဟုတ်မမှန်တာကို ပြောပြီး ကျိန်စာဆိုတာဟာ
ကြောက်စရာကောင်းလှပါတယ်။ ကျိန်စာသင့်တဲ့အခါ
ခံစားရတဲ့ ဒုက္ခဟာ မသက်သာလှပါ။မထေရ် ၈ ပါး
နဲ့ သူ့လင်သားသာ သူတော်ကောင်းစိတ် မရှိခဲ့ရင်
သူမရဲ့ဘဝဟာ ဒုက္ခပင်လယ် ဝေနေပါလိမ့်မယ်။
သံဝေဂယူဖွယ် ကောင်းလှပါတယ်။ ။
-【စာရိုက်ပူဇော်သူ – Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော်ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်】
Young Buddhist Association】
-【သာမဏေကျော်ဆရာတော်ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်】

မှတ်ချက်များ