ဝန်ကြီး ဦးအောင်မင်း ရှားတောမြို့က ပြန်ပြီ



ရှားတောမြို့ပေါ်က ဝန်ကြီး ဦးအောင်မင်း နေထိုင်ခဲ့သောအိမ်နှင့် အခမဲ့ ဆေးခန်းဖွင့်ခဲ့သောအိမ်ကို
 နိုဝင်ဘာလ ၁၁ ရက်နေ့မွန်းလွဲပိုင်းက တွေ့ရသည် (သတင်း၊ ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ)
ကယားပြည်နယ် ရှားတောမြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း သည် နိုဝင်္ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသား လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ကျော်စိုး ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလ ၁၁ ရက်နေ့က နေရပ်ရင်းကို ပြန်သွားပြီဖြစ်သည်။

ရွေးကောက်ပွဲရက်မတိုင်မီတွင် ဝန်ကြီး ဦးအောင်မင်း က ၎င်းဌားရမ်းနေထိုင်သော ရှားတောမြို့ပေါ်က အိမ်၌ တသီးပုဂ္ဂလ မဲဆွယ် ဆိုင်းဘုတ်တပ်ဆင်ထားပြီး ရုပ်သံဖမ်းစက် ၂ လုံးကိုလည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်တွင်တော့ အားလုံး ဖြုတ်သိမ်းသွားသည်ကိုတွေ့ရသည်။

ထို့အပြင် မဲဆွယ်ကာလတွင် အရပ်သားများကို အခမဲ့ကုသပေးခဲ့သော ၎င်း၏ ဆေးခန်းကိုလည်း ပိတ်သိမ်းသွားခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုဆေးခန်းရှိနေသည့် ရက်များတွင် မြို့ခံအချို့အတွက် ကုသမှု အဆင်ပြေခဲ့သည်ဟု ဆိုကြသည်။ ထို့အတူ မြို့ခံများက အဆိုပါ အခမဲ့ဆေးခန်းကို လပေါင်းများစွာ ဖွင့်လှစ်ထားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ဝန်ကြီးဦးအောင်မင်း ပြန်သွားသည့်နေ့က ဆိုင်းဘုတ်၊ ရုပ်သံဖမ်းစက်များ ဖြုတ်သိမ်းသွားသကဲ့သို့ အခမဲ့ဆေးခန်းကို ပိတ်ကာ ဆရာဝန်ကိုလည်းတပါတည်း ပြန်ခေါ်သွားခဲ့သဖြင့် ဒေသခံများ အံ့အားသင့်စရာ ဖြစ်သွားသည်။

ဝန်ကြီး ဦးအောင်မင်းသည် နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် (၇) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲ ၇၇၀ သာရခဲ့ပီး NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်စိုး (ခ) ဖိုးခွါး က ဆန္ဒမဲ ၁၄၃၁ မဲဖြင့် အပြတ်အသတ်အနိုင်ရရှိသွားခဲ့သည်။

ဧရာဝတီ

မှတ်ချက်များ