❖လောကမှာ တချို့လူက အမြဲမပြတ် အမျက်ဒေါသထွက်တယ်။
သူ့ရဲ့အဲဒီအမျက်ဒေါသက အချိန်ကြာမြင့်စွာ တည်ရှိတယ်။
ဥပမာ- ကျောက်ပေါ်မှာ ရေးသားထားတဲ့
အရေးအကြောင်းဟာ လေကြောင့်ဖြစ်စေ၊
ရေကြောင့်ဖြစ်စေ လျင်မြန်စွာမပျက်စီးဘဲ အချိန်ကြာမြင့်စွာ
တည်ရှိနေသလိုပါပဲ။ အဲဒီလူမျိုးကို ကျောက်ပေါ်က
အရေးအကြောင်းနဲ့တူသူလို့ ဆိုရပါတယ်။
❖လောကမှာ တချို့လူက အမြဲမပြတ် အမျက်ဒေါသထွက်တယ်။
သူ့ရဲ့ အဲဒီအမျက်ဒေါသကတော့ အချိန်ကြာမြင့်စွာ မတည်။
မြေကြီးပေါ်မှာ ရေးသားထားတဲ့ အရေးအကြောင်းဟာ
လေကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ လျင်မြန်စွာ
ပျက်စီးပြီး ကြာရှည်စွာမတည်ရှိသလိုပါပဲ။အဲဒီလူမျိုးကို
မြေကြီးပေါ်က အရေးအကြောင်းနဲ့တူသူလို့ ဆိုရပါတယ်။
❖လောကမှာ တချို့လူက ကြမ်းတမ်း ခက်ထန်၊
မမြတ်နိုးဖွယ်စကားတွေနဲ့ အပြောခံရပေမယ့် ဆက်စပ်မြဲ
ဆက်စပ်တယ်။ နှီးနှောမြဲ နှီးနှောတယ်။ ဝမ်းမြောက်မြဲ
ဝမ်းမြောက်တယ်။ (တစ်ပေါင်းတည်း ဖြစ်မြဲဖြစ်တယ်။)
ဥပမာ- ရေပေါ်မှာ ရေးသားလိုက်တဲ့ အရေးအကြောင်းဟာ
လျင်မြန်စွာပဲ ကင်းပျောက်သွားပြီး ကြာရှည်စွာ
မတည်ရှိသလိုပါပဲ။ အဲဒီလူမျိုးကို ရေပေါ်မှာ
ရေးသားလိုက်တဲ့ အရေးအကြောင်းနဲ့တူသူလို့
ဆိုရပါတယ်။
(အံ၊ပါဠိ၊ပ၊၂၈၆)
ရန်သူကို လက်ခံထားရင် လက်ခံထားသူကို
လက်ခံထားသလောက် ရန်သူက ဒုက္ခပေးတတ်တာဟာ
သဘာဝပဲ ဖြစ်ပါတယ်။ ရန်သူကို ရန်သူမှန်းသိရင်
ချက်ချင်းပဲ ဖယ်ရှား ပစ်ရပါမယ်။ ဒါမှ ချမ်းသာရာရနိုင်ပါတယ်။
ဒေါသဟာ လည်း လက်ခံထားသူကို အလွန်ပဲ
ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်က
မြန်မြန်ဖယ်ထုတ်နိုင်လေ မြန်မြန်ချမ်းသာရာရလေပါပဲ။
“ဒေါသရဲ့ သတ္တိ”
•••••••••••••••••••••••••••••••••••••••
ဒေါသဟာ သီလပျက်ခြင်းရဲ့ အကြောင်းဖြစ်ပါတယ်။
ရှိတဲ့ ဂုဏ်ကိုတောင် ဖျက်ဆီးပြီး၊လျှော့ကာ
ယူတတ်ပါတယ်။ ဂုဏ်ကို ဖျက်ဆီးတတ်ပါတယ်။
ဒေါသကြီးရင် မြန်မြန် အိုတတ်ပါတယ်။
ဒေါသကြောင့် သတ္တဝါတွေဟာ များသောအားဖြင့်
“ငရဲ” ရောက်ကြရပါတယ်။ ဒေါသမီးအလောင်ခံရရင်
အရေတွေ တွန့်လာပါတယ်။ ဆံပင်တွေ ဖြူလာပါတယ်။
ဒေါသကြောင့် မိတ်ပျက်ရပါတယ်။
(အဋ္ဌသာလိနီ၊ ၁၇၁)
“ဒေါသရဲ့ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်”
••••••••••••••••••••••••••••••••••••••••••••••••••••
မြွေပွေး မြွေဟောက်ကို တုတ်နဲ့ပုတ်ခတ်လိုက်တဲ့အခါ
ရှူးခနဲ ထလာတတ်သလို မနှစ်သက်ဖွယ်အာရုံနဲ့
တွေ့ကြုံရတဲ့အခါ ရှူးရှူးရှဲရှဲဖြစ်ပြီး ကိုယ်ရောစိတ်ပါ
ကြမ်းလျက် အမျက်ထွက်တာဟာ ဒေါသရဲ့
အမှတ်အသား လက္ခဏာပါပဲ။
ဒေါသထွက်တဲ့အခါ ယှက်ဖက်တရားတွေလည်း
ပူပူလောင်လောင်ရှိကြပါတယ်။ အဲဒီစိတ်၊
စေတသိက်တွေကြောင့် ဖြစ်တဲ့ စိတ္တဇရုပ်တွေဟာလည်း
ဒေါသအရှိန်ကြောင့် ပူပူလောင်လောင် ရှိကြပါတယ်။
အဲဒီစိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေနဲ့ ပူးကပ်လျက်ဖြစ်ရတဲ့
ကံ၊ ဥတု၊ အာဟာရတွေကြောင့် ဖြစ်ရတဲ့ ရုပ်တွေဟာလည်း
(အိမ်တစ်အိမ်မီးလောင်ရင်အနီးအပါးအိမ်တွေပါ
ကူးစက်သလို) အပူဓာတ်ကူးစက်ပြီး၊
တစ်ကိုယ်လုံး လောင်မြိုက်တော့တယ်။
ဒါကြောင့် ဒေါသထွက်တဲ့အခါ အသားအရေနီမြန်းလျက်
တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေတတ်ပါတယ်။
ဒေါသအရှိန်အားကြီးရင်တော့
“မနောပဒေါသနတ်”တွေလို
(ဒေါသကြောင့် သေရတဲ့ နတ်တွေလို) တစ်ခါတည်း
ဘဝပြတ်အောင်ပဲ လောင်မြိုက်တတ်ပါတယ်။
ဒေါသဟာ အခွင့်ရတဲ့ရန်သူပမာ ကိုယ်စိတ်နှစ်ပါးကို
ဖျက်ဆီးတတ်တဲ့တရားလို့ ယောဂီတွေရဲ့ ဉာဏ်မှာ
ထင်လာပါတယ်။ အာဃာတဝတ္ထု (ဒေါသဖြစ်ကြောင်း)
၁ဝ ပါးသာလျှင် နီးစွာသောအကြောင်းရှိပါတယ်။
(အဋ္ဌသာလိနီ၊ ၂၉၉)
“မနောပ ဒေါသိကနတ်”
•••••••••••••••••••••••••••••••••••••••
စာတုမဟာရာဇ်နတ်ပြည်က နတ်သားတစ်ယောက်က
“ငါဟာ နက္ခတ်ပွဲသဘင် ပျော်ပါးမယ်” လို့ ကြံပြီး
အခြံအရံနဲ့ အတူ ရထားခရီးထွက်သွားတယ်။
အဲဒီအခါ အခြားထွက် လာတဲ့ နတ်သားက ရှေ့ကသွားတဲ့
အဲဒီနတ်သားကို မြင်ပြီး “မိတ်ဆွေ၊ ဒီနတ်ဆင်းရဲသားဟာ
ရှေးက မမြင်ဖူးတာကို မြင်ရသူပမာ ပီတိဖြစ်ကာ
တက်လည်းတက်ကြွ၊ ကွဲပျက်လည်း ကွဲပျက်လျက်
သွားနေတယ်” လို့ ပြောကာ စိတ်ဆိုးတယ်။
ရှေ့က သွားတဲ့နတ်သားကလည်း ပြန်လှည့်ပြီး
အဲဒီစိတ်ဆိုးတဲ့နတ်သားကို မြင်ပြီး၊
စိတ်ဆိုးနေသူတွေကို လွယ်လွယ်နဲ့ သိနိုင်တာမို့
အဲဒီနတ်သားမှာ စိတ်ဆိုးနေမှန်း သိသွားတယ်။
“သင်က စိတ်ဆိုးတော့ ငါ့ကိုဘာလုပ်မှာလဲ။
ဒီစည်းစိမ်ကို ငါဟာ ဒါန၊ သီလစသည်တွေရဲ့ အစွမ်းနဲ့
ရထားတယ်။ သင့်ရဲ့ အစွမ်းနဲ့ရထားတာမဟုတ်”
လို့ ပြောကာ ပြန်စိတ်ဆိုးတယ်။ ဟုတ်တယ်။
နတ်တစ်ယောက်က စိတ်ဆိုးတဲ့အခါ အခြားနတ်က
စိတ်မဆိုးဘဲနေရင် တော်သေးတယ်။
နတ်နှစ်ယောက်လုံး စိတ်ဆိုးရင်တော့ တစ်ယောက်ရဲ့
ဒေါသက အခြားတစ်ယောက်မှာ ဒေါသဖြစ်ဖို့
အထောက်အကူဖြစ်သွားတယ်။ အဲဒီနတ်ရဲ့
ဒေါသကလည်း အခြားနတ်သားမှာ ဒေါသဖြစ်ဖို့
အထောက်အကူဖြစ်သွားပြန်တယ်။ ဒါကြောင့်
နတ်သားနှစ်ယောက်လုံးဟာ ဘေးက နတ်သမီးတွေက
အော်ဟစ်တားမြစ်နေစဉ်မှာပဲ စုတေသွားကြပါတော့တယ်။”
(သီလက္ခန်၊ ဋ္ဌ၊ ၁၀၅)
နတ်တွေရဲ့ ခန္ဓာကိုယ်ဟာ အလွန်ပဲသိမ်မွေ့နူးညံ့လှပါတယ်။
သူတို့မှာဖြစ်တဲ့ဒေါသကာ အလွန်အကဲ
အားကောင်းနေပါတယ်။ ဒါကြောင့် ချက်ချင်းပဲ
စုတေ သွားကြရပါတယ်။ အဲဒီလို စုတေသွားရတာဟာ
အဲဒီနတ်ပြည်က နတ်တွေမှာ ထုံးစံပါပဲ။
ဒေါသကြောင့် အဲဒီနတ်တွေဟာ အသက်သေ
သွားကြရပါတယ်။နတ်နှစ်ယောက်လုံးမှာ ဒေါသ
ထွက်လာတဲ့အခါ သူတို့ရဲ့ ဟဒယဝတ္ထု(နှလုံးအိမ်)ကို
ဒေါသကလောင်မြိုက်ပါတယ်။ အလွန်အကဲသိမ်မွေ့လှတဲ့
ခန္ဓာကိုယ်ကို ဖျက်ဆီးပါတယ်။ အဲဒီကနောက်
ခန္ဓာကိုယ်တစ်ခုလုံးဟာ ကွယ်ပျောက်သွားပါတော့တယ်။
(သီ၊ ဋီ ၊ ပ ၊ ၄၂၅၊ ၆)
မီးတောက်ငြိမ်းသွားသလိုပဲ နတ်တွေရဲ့ ခန္ဓာကိုယ်ဟာ
ကွယ်ပျောက်သွားပါတယ်။ ပြာတောင်မှ မကြွင်းကျန်တော့ပါ။
-【စာရိုက်ပူဇော်သူ – Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော်ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်】
Credit; Young Buddhist Association

မှတ်ချက်များ