နေပြည်တော်တွင် ပြည်ခိုင်ဖြိုးကို မဲပေးပါက မီတာဘောက်စ်ပေးမည်ဟုဆိုကာ မဲဆွယ်နေဟု ဒီချုပ်အမတ်နှင့် ဒေသခံများပြော


နေပြည်တော်၊ အောက်တိုဘာ−၃၀ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာအချို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးပါက မီတာဘောက်စ်များ တပ်ဆင်ပေးမည်ဟု ဆိုကာ လိုက်လံစည်းရုံးမှုများရှိနေသည်ဟု ဒေသခံအချို့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြောကြားသည်။

အောက်တိုဘာ ၂၈ ရက်က တောင်ကျောင်းစုကျေးရွာအုပ်စုအတွင်း ပြည်ခိုင်ဖြိုးပါတီဝင် ရာအိမ်မှူးဆိုသူက လျှပ်စစ်မီးမရရှိသည့် လူ ၂၀ ဦးခန့်အား ခေါ်ယူတွေ့ဆုံကာ ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် စည်းရုံးခဲ့သည်ဟု
ဒေသခံအချို့က ပြောသည်။ ‘‘မီတာမရှိတဲ့သူတွေကို မီတာချပေးမယ်ပြောတယ်။ ပြည်ခိုင်ဖြိုးကို မဲပေးရင် မီတာပုံးတွေချပေးမယ်ပြောတယ်။ သူတို့က ခြင်္သေ့ပေါ့နော်။ မဲထည့်ပေးရင် ပေးမယ်ပြောတာပဲ’’ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တောင်ကျောင်းစုကျေးရွာအုပ်စုမှ ဒေါ်စိန်ရီက ပြောသည်။

ထိုသို့ပစ္စည်းများပေးကာ မဲဆွယ်စည်းရုံးမှုသည် ယင်းကျေးရွာတစ်ခုတည်းတွင် မဟုတ်ဘဲ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာအများစု၌ လိုက်လံလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဒက္ခိဏသီရိမြို့နယ်မှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေးကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက ပြောသည်။

‘‘အဝတ်အစား၊ ထီးပေးတယ်။ အခု မီတာပုံးပေးမယ်ဆိုပြီး မဲဆွယ်တယ်။ ဒါကလည်း ကိုယ်စားလှယ်လောင်းကိုယ်တိုင်လုပ်တာမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးအောင်နိုင်ရေးကိုယ်စားလှယ်တွေကလုပ်တာ။
ပစ္စည်းတွေကတော့လက်ထဲမရှိသေးဘူး။ ဒေသခံတွေပြောထားတဲ့ အသံတွေတော့ရှိတယ်’’ ဟု ဒေါ်သန်းသန်းစိုးက ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေခိုင်လုံစွာ တည်ဆောက်ပြီး အချက်အလက်ခိုင်မာပါက ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဟု ၎င်းက ဆိုသည်။

အဆိုပါပြည်ခိုင်ဖြိုးရာအိမ်မှူးအား 7Day News ဂျာနယ်က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။ ဒက္ခိဏသီရိမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန့်ဇင်ထွန်း၊ ပြည်ခိုင်ဖြိုးပါတီမှ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးနိုင်မင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရဲနိုင် - 7day

မှတ်ချက်များ