ထန်းတပင်-ဇရပ်ကြီးကားလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိ၍ ဒိုင်နာယာဉ်တိမ်းမှောက် ခရီးသည် ၂၀ ဒဏ်ရာများရရှိ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ကျီတော်ကျေးရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်က ခရီးသည်ယာဉ်နှစ်စီး အပြိုင်မောင်းနှင်ရင်း ကျော်တက်ရာက တိုက်မိခဲ့ပြီး ယာဉ်မောင်းအပါအဝင် ခရီးသည် ၂ဝ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇရပ်ကြီးမှ တောင်ငူမြို့သို့ မောင်နိုင် (၄၂ နှစ်) ဇရပ်ကြီးကျေးရွာနေသူ မောင်းနှင်လာသော ၆ဗ/---- ခရီးသည်တင်ဒိုင်နာယာဉ်သည် တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၅/၆)နှင့် ၇ အကြားအရောက် နောက်မှ ကျော်ထွန်း(၃၅ နှစ်)မဲဖလံကျေးရွာ ထန်းတပင်မြို့နယ်နေသူ မောင်းနှင်လာ သော မုန်း-တောင်ငူ တပင်ရွှေထီးမှန်လုံယာဉ်က ကျော် တက်စဉ် ရှေ့မှဆိုင်ကယ်တစ်စီးက မောင်းနှင်လာသည့် အတွက် ဒိုင်နာယာဉ်၏နောက်ပိုင်းကို ဝင်ရောက်တိုက်မိ ခဲ့ပြီး ဒိုင်နာယာဉ်မှာ ကားလမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မောင်း အပါအဝင် ခရီးသည် ၂ဝ (မစိုးရိမ်ရ) ဒဏ်ရာများရရှိသွားခဲ့၍ ထန်းတပင်နှင့် တောင်ငူမြို့ဆေးရုံများသို့ တင်ပို့ပေးခဲ့ပြီး မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းနှစ်ဦးအား ထန်းတပင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ) / Myanmaalinn

မှတ်ချက်များ