မူပိုင်ခွင့် ချိုးဖျက်မှု နဲ့ တရားစွဲခံထားရတဲ့ အခြေအနေကနေ Taylor Swift လွတ်မြောက်


ကယ်လီဖိုးနီးယား ပြည်နယ် က တရားသူကြီးတစ်ယောက်ဟာ Taylor Swift ကို မူပိုင်ခွင့် ခိုးယူမှု နဲ့ တရားစွဲဆိုထားမှုကနေ လွတ်မြောက်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ကန်းထရီးအဆိုတော်မလေး Taylor Swift ဟာ သူမရဲ့ Shake It Off ဆိုတဲ့သီချင်းမှာ အခြား ဂီတသမားတစ်ယောက်ရဲ့ စာသားတွေကို ခိုးယူသုံးစွဲထားတယ်ဆိုတဲ့ မူပိုင်ခွင့်ခိုးယူမှု နဲ့ တရားစွဲဆိုခြင်းအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ ခရိုင်တရားသူကြီး Gail Standish က အမှုကို ကြားနာ စစ်ဆေးခဲ့ရာမှာ Taylor Swift မှာ အပြစ်မရှိတဲ့အတွက် အမှုကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

Taylor Swift ကို တရားစွဲဆိုခဲ့တာကတော့ Jessie Braham ဆိုသူဖြစ်ပြီး မနှစ်က အမေရိကန်ပြည်ထောင်စုမှာ စံချိန်တင်အောင်မြင်ခဲ့တဲ့ Taylor Swift ရဲ့ Shake It Off သီချင်းဟာ သူ့ရဲ့ Haters Gone Hate သီချင်းထဲက စာသား ၂၂ လုံး ကို ယူသုံးထားတယ်လို့ Braham က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

Braham က အခိုင်အမာဆိုခဲ့တာကတော့ သူ့ရဲ့ Haters Gone Hate သီချင်းဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ က ထွက်ရှိခဲ့တာဖြစ်ပြီး Taylor ရဲ့ သီချင်းထက် စောထွက်ခဲ့ကြောင်း နဲ့ Taylor ရဲ့ သီချင်းဟာ ၉၂ ရာခိုင်နှုန်းလောက် သူ့သီချင်းကို ခိုးယူထားပါတယ်လို့ Braham က အမှုတွဲထဲမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

Braham ဟာ Taylor Swift ကို မူပိုင်ခွင့် ချိုးဖောက်မှု နဲ့ တရားစွဲရာမှာ လျော်ကြေးငွေ ဒေါ်လာ ၄၂ သန်း ကို Taylor Swift နဲ့ သူမရဲ့ ဓါတ်ပြားတိုက် Sony တို့ထံမှ ရလိုမှု ကိုပါ တောင်းဆိုထားပြီး Taylor Swift ရဲ့ 1989 ဆိုတဲ့ အယ်လ်ဘမ်မှာလည်း သူ့ရဲ့ နာမည်ကို တေးရေးဆရာ အဖြစ်ဖော်ပြပေးဖို့ တောင်းဆိုခဲ့တာပါ။

အခုတော့ တရားသူကြီးက Braham အနေနဲ့ Taylor Swift ကို တရားစွဲဆိုပြီး နစ်နာကြေးတောင်းလို့ မရနိုင်ကြောင်း ပြောလိုက်တဲ့အတွက် Braham အနေနဲ့ ထို အမှုကို မေ့လိုက်ဖို့နဲ့ နောက်တစ်ကြိမ် ပြန်တရားစွဲဖို့သာ ရှိပါတော့တယ်။

Mario - Trend Myanmar

မှတ်ချက်များ