ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အုံဟောင်းရှိ ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားအား တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက် အအုံဟောင်းအား ဖြိုချဖျက်သိမ်းရာတွင် ပန်းချီဆရာ ကြီး ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားများအား နံရံဖြတ်ထုတ်သည့်နည်းလမ်း အသုံးပြု၍ သိမ်းဆည်းနေကြောင်း သတင်းရရှိသည်။
"ဒီပန်းချီကားကြီးတွေကို မူလလက်ရာအတိုင်း မပျက်စီးစေဖို့ နံရံကိုဖျက်ထုတ်တဲ့ နည်းလမ်းကိုအသုံးပြုပြီး ပြောင်းရွှေ့နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင်ကာ တည်ဆောက်မည် ဖြစ်သဖြင့် ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းအား ဖျက်သိမ်းပြီး အသစ်တည်ဆောက် သွားမည်ဖြစ်ရာ အဆိုပါ နံရံဆေးရေး ပန်းချီကားများအား မူလလက်ရာ မပျက်စီးစေဘဲ ရွှေ့ပြောင်းထားရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး၊ ပန်းချီဆရာကြီး ဦးဘကြည်၏ မိသားစုဝင်များနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စတင် ဖွင့်လှစ်သည့် ၁၉၅၆ ခုနှစ်မှ စတင်ကာ ပြည်တွင်းလေဆိပ်ခရီးသည် အဆောက်အအုံအတွင်း ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေးပန်းချီကား ရှစ်ချပ်အား အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ရေးဆွဲပြသ ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီကားများအနက် အလျား ၄၂ ပေ ၉ လက်မ၊ အနံ ၇ ပေ ၆ လက်မရှိ "ဒွေးမယ်နော်ကဟန်" အမည်ရှိ နံရံဆေးရေး ပန်းချီကားနှင့် အလျား ၃၈ ပေ ၉ လက်မ၊ အနံ ၇ ပေ ၆ လက်မရှိ "ပျံသန်းခြင်း" အမည်ရှိ နံရံဆေးရေး ပန်းချီကားနှစ်ခုအား ပြည်တွင်းထွက်ခွာခန်းမရှိ နံရံတွင် ရေးဆွဲပြသထားခဲ့သည်။
ယင်းပြင် အလျား ၁၈ ပေ၊ အနံ ၆ ပေ ရှိ "အိုးစည်ကဟန်" နံရံဆေးရေးပန်းချီကား၊ အလျား ၁၈ ပေ၊ အနံ ၆ ပေရှိ "သစ်လုပ်ငန်း" နံရံဆေးရေးပန်းချီကား၊ အလျား ၂၇ ပေ ၂ လက်မ၊ အနံ ၆ ပေရှိ "စပါးပေါ်ချိန်" နံရံဆေးရေးပန်းချီကား၊ အလျား ၆ ပေ ၈ လက်မ၊ အနံ ၆ ပေရှိ "ဘီအိုစီ" နံရံဆေးရေးပန်းချီကား၊ အလျား ၂၁ ပေ၊ အနံ ၁၀ ပေရှိ "မြေ၀ိုင်းဇာတ်ပွဲ" နံရံဆေးရေး ပန်းချီကားနှင့် အလျား ၁၀ ပေ ၄ လက်မ၊ အနံ ၅ ပေရှိ "ရုပ်သေးအက" နံရံဆေးရေးပန်းချီကား စသည့်ပန်းချီကား ခြောက်ချပ်အား ရန်ကုန်လေဆိပ် စားသောက်ဆိုင်တွင် ချိတ်ဆွဲပြသ ထားခဲ့သည်။
ပန်းချီဆရာကြီး ဦးဘကြည်၏ အနုပညာ လက်ရာများဖြစ်သော ပန်းချီကားအချို့ကို အမျိုးသားပြတိုက်တွင် ထားရှိပြီး နိုင်ငံတကာမှ ပန်းချီပြပွဲများ ကျင်းပချိန်တွင် လာရောက်ငှားရမ်း ပြသနေကြဆဲဖြစ်ကြောင်း သိရသည်။
EMG

မှတ်ချက်များ