ရိုမန်တစ်ဇာတ်ကားတွေ နှစ်ခြိုက်သူတွေအတွက် ၂၀၁၆အတွင်း စောင့်ကြည့်ရမယ့် ဇာတ်ကား (၈) ကား
ဟာသနှောထားတဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အလွမ်းအဆွေးပုံစံလေးတွေနဲ့ ကြည့်ရမယ့် အချစ်ဇာတ်လမ်းတွေ စတဲ့ ရိုမန်တစ်ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ခုနှစ်ကတော့ စိတ်ကျေနပ်စရာတွေ ယူလာပေးမယ့် နှစ်တစ်နှစ်ပါပဲ။ ကဲ ဇာတ်ကားနာမည်လေးတွေကို ကြည့်လိုက်ကြရအောင်။
၁။ Get a Job
Anna Kendrick နဲ့ Miles Teller တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကောလိပ်က အချစ်ဇာတ်လမ်းလေးပေါ့။ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဇာတ်ကားထွက်ရှိမယ့် အချိန်ကတော့ မတ်လ ၂၅ရက်နေ့ ဖြစ်ပါတယ်။
၂။ Demolition
Jake Gyllenhaal ကတော့ ဒီဇာတ်ကားမှာ ဘဏ်လုပ်ငန်းရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားရတဲ့ ဇနီးသည်နဲ့ ပတ်သက်ပြီး တရားရုံးတက်ရတာတွေ၊ သူ့ဆုံးရှုံးမှုနဲ့ ဆက်နွယ်ပြီး ဇာတ်လမ်းဖန်တီးထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဧပြီလ ၈ရက်နေ့မှာ ထွက်ရှိမှာပါ။
၃။ Mother's Day
သင်က New Year's Eve တို့လို Valentine's Day တို့လို အချစ်ဇာတ်ကားတွေကို အမြဲရိုက်လေ့ရှိတဲ့ Garry Marshall ရဲ့ ဇာတ်ကားတွေ နှစ်ခြိုက်တယ်ဆိုရင် ခုလည်း Mother's Day ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ညွှန်းပါရစေ။ ဒီဇာတ်ကားမှာ သင်ကြိုက်တဲ့ Jennifer Aniston ၊ Kate Hudson နဲ့ Julia Roberts တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထွက်ရှိမယ့် နေ့ကတော့ ဧပြီ ၂၉ပါ။
၎။ Me Before You
Jojo Moyes ရဲ့ ပေါ်ပြူလာစာအုပ်တစ်အုပ် ဖြစ်တဲ့ Me Before You ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဒီကားလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Emilia Clarke နဲ့ Sam Claflin တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်ကြိုက်သွားကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးထားပါတယ်။ ထွက်မယ့်ရက်ကတော့ ဇွန်လ ၃ရက်နေ့ပါ။
၅။ Equals
ထူးဆန်းတဲ့ဇာတ်ကား ကာရိုက်တာတွေကိုမှ နှစ်ခြိုက်သူတွေအတွက်တော့ Nicholas Hoult နဲ့ Kristen Stewart တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို ကြည့်စေချင်ပါတယ်။ လူတွေ ခံစားချက်တွေ ပျောက်ဆုံးနေတဲ့ ကမ္ဘာတစ်ခုမှာ ဘယ်လိုဇာတ်လမ်းဖွဲ့တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပေါ့။
၆။ How to Be Single
အချစ်နဲ့ဟာသနှောထားတဲ့ ဒီဇာတ်ကားမှာတော့ အမျိုးသမီးလေးယောက်ဟာ နယူးယော့ခ်မှာ တစ်ကိုယ်တည်းသမားတွေအနေနဲ့ ရပ်တည်ဖို့ ဘာတွေလေ့လာသင်ယူရမလဲဆိုတာကို ရိုက်ကူးပြထားပါတယ်။ ပါဝင်သရုပ်ဆာင်ပေးထားတဲ့ သူတွေကတော့ Rebel Wilson၊ Dakota Johnson ၊ Alison Brie နဲ့ Leslie Mann တို့ ဖြစ်ပါတယ်။
၇။ Already Tomorrow in Hong Kong
ဒီဇာတ်ကားမှာတော့ မချစ်သင့်၊ မကြိုက်သင့်တဲ့ အချိန်မှာ ချစ်ကြိုက်သွားခဲ့မိကြတဲ့ စုံတွဲအကြောင်း ရိုက်ပြထားတာပါ။ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Jamie Chung နဲ့ Bryan Greenberg တို့ပဲ ဖြစ်ပါတယ်။
၈။ The Choice
ဆေးကျောင်းသူ Gabby Holland အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Teresa Palmer ဟာ Travis Shaw အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Benjamin Walker တို့ ဘေးအိမ်ကို ပြောင်းရွှေ့လာရာကနေ သူမနဲ့ နှစ်ရှည်လများစွာ ကြိုက်ခဲ့တဲ့ ရည်စားကို လက်ထပ်မယ့်အစား ဘေးအိမ်က ကောင်လေးကို ချစ်မိသွားတဲ့ ဇာတ်ကားလေးပါ။
Ref:popsugar
ဟန်နီ - Trend Myanmar

မှတ်ချက်များ