ဗီဒီယိုဇာတ်ကားတွေမှာ ပိုပိုတွေ့လာရတဲ့ ပိုင်ဖြိုးသု ဆိုတဲ့ ကောင်မလေးကို အားလုံးသိပြီးဖြစ်မှာပါ။ ဆေးကျောင်းသူလေး ပိုင်ဖြိုးသုကို သင်္ကြန်နဲ့ပတ်သက်ပြီး ဘယ်မှာရှိမယ်၊ ဘာတွေလုပ်မယ်ဆိုတဲ့အကြောင်း သင်္ကြန်အမှတ်တရလေးတွေ မေးကြည့်တဲ့အခါ ‘သင်္ကြန်နဲ့ပတ်သတ်ပြီး ဒီနှစ်က သုစာကျက်ရမှာ။ ဘယ်မှမသွားရဘူး။
ဧပြီလကုန်မှာ သုစာမေးပွဲရှိတာ ဆိုတော့လေ။ ခုချိန်ထိ ကားရိုက်နေတာသာကြည့်။ အရင်နှစ်တွေ တုန်းကတော့ သင်္ကြန်ဆို သုကို တစ်နှစ်ကို တစ်ရက်ထွက်ခွင့်ပေးတယ်။
မနှစ်ကသင်္ကြန်ကတော့ နေ့တိုင်း ကိုစိုင်းတို့ရဲ့ Alpine မဏ္ဍပ်မှာရှိတယ်။ ဒီနှစ်ကတော့ စာပဲလုပ် ရတော့မှာဆိုတော့ မထွက်ဖြစ်တော့ဘူး။ သုက အရင်တုန်းကတည်းက မထွက်ရဘူး။ ခုနောက်ပိုင်း တက္ကသိုလ်စတက်တော့မှ တစ်ရက် ပေးထွက်တော့တာ။ သုက မဏ္ဍပ်ထိုင်တာများတယ်။
သင်္ကြန်ကို သူငယ်ချင်းတွေနဲ့တစ်နှစ် မှတ်မှတ်ရရ လည်ဖူးတယ်။ ငယ်ငယ်တုန်းက အိမ်နဲ့ လည်တာတွေ ကတော့ မမှတ်မိတော့ဘူးပေါ့နော်။ တစ်နှစ်လည်ပြီး ဘယ်တော့မှ မလည်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ မဏ္ဍပ်တစ်ခုနဲ့တစ်ခုကြားမှာလဲ အကြာကြီးပဲ။ နေကလဲ အရမ်းပူတယ်။ လက်ရှည်ရော၊ ဘောင်းဘီရှည်ရော ၀တ်တယ်။ နေကာမျက်မှန်တပ်တယ်။ ဦးထုပ်ဆောင်းတာတောင် မရဘူး။ အသားမဲချက်က ကြောက် ဖို့ကောင်းတယ်။ ပြီးတော့ ပိုက်သေးသေး လေးတွေနဲ့ ထိုးပြီးပက်ရင် အရမ်းနာလို့လေ။
မနှစ်က မဏ္ဍပ် ထိုင်တော့ ပထမရက်တွေကတော့ ပျော်နေ တက်ကြွနေတာပေါ့။ ခါတိုင်းက ထွက်မှမထွက်ရ တာ။ မနှစ်က မေမေကို မခင်စန္ဒမြင့်ပြောပေးလို့မေမေက လွှတ်တာ။ အစပိုင်းတော့ပျော်တယ်။ နောက်နေ့တွေကျတော့ ပျင်းလာပြီး နောင်နှစ်တွေကျရင် တစ်ရက်ပဲ ထွက်တော့မယ်လို့စိတ်ကူးလိုက်တယ်။ ဒီနှစ်ကတော့ မထွက်တော့ဘူး၊ စာပဲကျက်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တာ။ နေအရမ်းပူတဲ့တွက် လိုးရှင်းကတော့ လိမ်းပေးရမယ်။ ရေနားတဲ့ချိန်ကျရင်တော့ ထပ်လိမ်းရမှာပေါ့။သင်္ကြန်မှာအန္တရယ်ကင်းကင်း နဲ့ပျော်နိုင်ကြပါစေလို့။ သုက ရန်ဖြစ်တာတွေ အရမ်းကြောက်တယ်။ ရန်မဖြစ်ပဲနဲ့ ကားအက်စီးဒင့်တွေ ဆိုလဲ မမြင်ရပါစေနဲ့ မကြုံရပါစေနဲ့လို့။သင်္ကြန်ကို ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်ကြပါစေ’လို့ သူမက ဆုတောင်းပေး သွားပါတယ်။
ခင်ဆွေသက်| Trend Myanmar

မှတ်ချက်များ