မုံရွာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် မတ် ၂၃ ရက် နံနက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(ဃ)(စ) ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို လူထုအင်အား ၇၀၀ ကျော်ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။


မုံရွာမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မတ် ၂၃ ရက်က တွေ့ရစဉ်

“ဒီပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ဒီမိုကရက်တစ် အင်အားစုတွေပါ။ ဒီမိုကရက်တစ် အင်အားစုဆိုတာကတော့ ဗကသ၊ ပွင့်လင်း၊ ၈၈၊ NLD စတဲ့အဖွဲ့တွေပါ။ အခန်း (၁၂)၊ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးက အရေးကြီးဆုံးပါ အဲဒီပုဒ်မကို ပြင်လိုက်ရင် အားလုံးကောင်းသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူရဦးရွှေမန်းတို့ကို လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အဓိက ပြုလုပ်စေချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မုံရွာမြို့နှင့် တစ်ချိန်တည်းမှာပင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့တွင်လည်း အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အင်အား ၆၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးစေတဲ့ ပုဒ်မတွေဖြစ်တဲ့ အခန်း(၁၂)၊ ပုဒ်မ(၄၃၆) နဲ့ ၅၉(ဃ)(စ) ဆိုတဲ့ ပုဒ်မတွေဖြစ်တယ်။ ၅၉(ဃ)(စ)ဆိုရင် အတော်လေးဆိုးပါတယ်။ အဲဒါမပြင်ခဲ့ရင် ဒေါ်စုမှမဟုတ်ဘူး သာမန်အရပ်သားအနေနဲ့ သမ္မတဖြစ်ခွင့် လုံးဝမရှိသလို ဖြစ်နေတယ်။ နိုင်ငံသားတိုင်းက စစ်မှုထမ်းဖို့အတွက် မပြောနဲ့ စစ်တပ်ထဲမှာ တစ်မိနစ်တောင်မျှ မနေဘူးတဲ့ နိုင်ငံသူ/သားတွေ ရှိနေတယ်။ အဲဒီလိုလူတွေမှာ သမ္မတလုပ်နိုင်တဲ့ အရည်အချင်းရှိသူတွေ အများကြီးပါ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ စိုင်ပြင်ကြီးရွာမှ ဦးနန်းတင်က ပြောကြားသည်။

Eleven Media Group


မှတ်ချက်များ