မသန်စွမ်းသူများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ ပူးပေါင်းတောင်းဆိုထားသည့် တောင်းဆိုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့မည်


မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ၀န်ဆောင်မှုများနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းတောင်းဆိုထားသည့် တောင်းဆိုချက်များကို သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်း အပြေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မသန်စွမ်း ကလေးငယ်များအား တွေ့ရစဉ်

ယင်းတောင်းဆိုချက်များကို “အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့” ဖိုရမ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများအသင်း အပါအ၀င် လူမှုအဖွဲ့အစည်းများဖြစ်သည့် Action Aid မြန်မာ၊ အခရာ အမျိုးသမီးအဖွဲ့၊ ဗြိတိသျှသံရုံး၊ Care မြန်မာ၊ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်၊ မြန်မာအမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ဖန်တီးအိမ်နှင့် အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်(မြန်မာ) စသည့်လူမှုအဖွဲ့အစည်းများ ပူးပေါင်းတောင်းဆိုထားခြင်းဖြစ်သည်။

တောင်းဆိုချက်များအနက် မသန်စွမ်းသူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများကို ဥပဒေဖြင့် ကာကွယ်ပေးပြီး တရားဥပဒေကို လက်လှမ်းမီစေသော အထောက်အကူပြု ယန္တရားများကို ထိရောက်အောင် လုပ်ဆောင်ပေးရန်နှင့် ထိုယန္တရားများကို မသန်စွမ်းသူများအားလုံး အခက်အခဲမရှိ အသုံးပြုတိုင်ကြားနိုင်ရန်အတွက် အလေးထား စီစဉ်ပေးရန်၊ မသန်စွမ်းသူများအတွက် ကာကွယ်ပေးသော အခွင့်အရေးများ၊ ဥပဒေများ၊ ယန္တရားများ၊ ၀န်ဆောင်ပေးမှုများ အကြောင်းကို မသန်စွမ်းသူများ သိရှိစေရန်အတွက် ၎င်းတို့နှင့်သင့်လျော်သော နည်းလမ်းမျိုးစုံ အသိပညာပေးမှုများဖြင့် လုပ်ဆောင်ရန် စသည့်အချက်များ ပါဝင်တောင်းဆိုခဲ့ကြောင်း သိရသည်။

တောင်းဆိုချက်များ အပါအ၀င် ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များကို လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ယင်းမှတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးရေးကော်မတီ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးအကြံပြုချက်များကို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ပါ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ဆောင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနနှင့်လည်း တိုင်ပင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်း ကလေးငယ်များအကြောင်း အဓိက ဖော်ပြထားသည့် “ကမ္ဘာ့ကလေးသူငယ်များ အခြေအနေ ၂၀၁၃” အစီရင်ခံစာတွင် ဖော်ပြချက်များအရ မသန်စွမ်း ကလေးငယ်များသည် အခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု၏သားကောင် ဖြစ်နိုင်ခြေ သုံးဆမှလေးဆအထိ ရှိနေပြီး အချို့သော အကြမ်းဖက်မှု ပုံစံများသည် မသန်စွမ်း ကလေးငယ်များတွင်သာ တွေ့ရလေ့ရှိကြောင်းနှင့် အကြမ်းဖက်ခံရမှုများအနက် ကိုယ်ကာယ အကြမ်းဖက်မှုများမှာ ၃ ဒသမ ၆ ဆ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ ၂ ဒသမ ၉ ဆ ရှိနေကြောင်းနှင့် စိတ်(သို့)အသိဉာဏ်ချို့ယွင်းသော ကလေးငယ်များသည် သန်စွမ်းသော ရွယ်တူကလေးများနှင့် ယှဉ်ပါက လိင်အကြမ်းဖက်မှု၏ ဒုက္ခသည် ဖြစ်နိုင်ခြေမှာ ၄ ဒသမ ၆ ဆ ပိုများလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂ ဒသမ ၃၂ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများ ဖြစ်ကြပြီး ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းသည် အသက် ၁၆ နှစ်အောက်များ ဖြစ်ကြောင်းနှင့် အသက်ခြောက်နှစ်အောက် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ အသက်ခြောက်နှစ်မှ ၁၅ နှစ်အတွင်း ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက် ၁၉ ဒသမ ၃၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။


အိသဉ္ဇာကျော် |Eleven Media Group


မှတ်ချက်များ