မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရေး အင်အားတစ်ရာခန့် ရန်ကုန်မြို့မှ CPI တရုတ်ကုမ္ပဏီ စီမံကိန်းနေရာအထိ လမ်းလျှောက်ဆန္ဒပြ


ဧရာဝတီ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မြို့မှ CPI တရုတ်ကုမ္ပဏီ စီမံကိန်းနေရာအထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှုကို အရပ်ဘက် လူ့အဖွဲ့အစည်းအချို့နှင့် ပြည်သူစုစုပေါင်း အင်အားတစ်ရာဖြင့် မတ် ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)

အဆိုပါ လမ်းလျှောက်ပွဲကို ယင်းနေ့ နံနက် ၆ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှ စတင်၍ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ပြီး စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်အသီးသီးကို ကျော်ဖြတ်ကာ ဧရာဝတီမြစ်ဆုံစီမံကိန်း ပြုလုပ်နေသည့် CPI တရုတ်ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်သည်။

“ရန်ကုန်ကနေ စလျှောက်တာတော့ လူဦးရေ ၁၀၀ ကနေ စပါတယ်။ လမ်းတစ်လျှောက် မြို့နယ်အသီးသီးက စိတ်ဝင်စားတဲ့ ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသား အဖွဲ့တွေ၊ ဗ.က.သ အဖွဲ့တွေ၊ ABSDF အဖွဲ့တွေ ပါဝင်မယ်လို့ အကြောင်းပြန်ထားပါတယ်။ စီမံကိန်းနေရာအထိတော့ လူဦးရေ ၃၀၀၀ လောက် ပါဝင်မယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုမိန့် မယူပါဘူး” ဟု လမ်းလျှောက်ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောကြားသည်။

အလားတူ ဆန္ဒပြပွဲတွင် ဘီးတပ်လှည်းဖြင့် ပါဝင်လမ်းလျှောက်ခဲ့သူ ကိုအောင်ကိုဦးက “မြစ်ဆုံစီမံကိန်းက တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်လို့ ယုံကြည်တဲ့အတွက် အခုလိုပါဝင်ပြီး လမ်းလျှောက်တာပါ။ ရန်ကုန်ကနေ မြစ်ဆုံခရီးစဉ် ဆုံးတဲ့အထိ မြစ်ဆုံရပ်တန့်ပေးဖို့ ဆန္ဒပြ တောင်းဆိုသွားမှာပါ” ဟု ပြောကြားသည်။ လမ်းလျှောက်ဆန္ဒပြသူများမှာ နိုင်ငံရေးအကျဉ်းသား အလံများ ကိုင်ဆောင်၍ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးစာများ ရေးထားသော ဆင်တူအင်္ကျီများ ၀တ်ဆင်ကာ “မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေး” ဟု ကြွေးကြော်ခဲ့ကြသည်။ ဧရာဝတီမြစ် အထက်ပိုင်းတွင် ဆည်များတည်ဆောက်မှုကြောင့် ထိခိုက်နိုင်မှုများအပေါ် မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သည့် သိပ္ပံပညာရှင်များက မြစ်ဆုံစီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ထောက်ပြခဲ့ကြပြီး မြစ်ဆုံဆည် တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်ခဲ့ကြသည်။

Eleven Media Group


မှတ်ချက်များ