ပါက်မြို့၌ ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်း လုပ်ကိုင်မှု များပြားခြင်းကြောင့် သစ်တောပြုန်းတီးမှုနှင့် ကြုံတွေ့နေ


ဗာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာမှုနှင့်အတူ ပြည်တွင်း၏ အဓိက ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်းများ လုပ်ကိုင်သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့တွင် သစ်တောပြုန်းတီးမှုများနှင့် ကြုံတွေ့နေရကြောင်း ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်လုပ်မှုနှင့် ဆေးပေါင်းရုံများကြောင့် သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဗာဂျီးနီးယား ဆေးပေါင်းရုံတစ်ရုံကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 

မကွေးတိုင်းဒေသကြီး ပေါက်မြို့အတွင်း၌ ဗာဂျီးနီးယားဆေးပေါင်းလုပ်ငန်း လုပ်ကိုင်သည့် ဆေးရုံပေါင်း ၂၂၆ ရုံ ရှိသည့်အနက် ကုမ္ပဏီပိုင် ၁၃၅ ရုံနှင့် ပုဂ္ဂလိကပိုင် ၉၁ ရုံခန့်ရှိနေပြီး ယင်းဒေသရှိ ဆေးပေါင်းရုံများမှာ ထင်းကိုအသုံးပြုပြီး ဆေးပေါင်းကြခြင်း ဖြစ်သည့်အတွက် သစ်တောပြုန်းတီးမှု ပြဿနာများနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။

“ဆေးပေါင်းရုံ အားလုံးနီးပါးက ထင်းကိုအသုံးပြုကြပြီး ဆေးပေါင်းကြတဲ့အချိန်က တစ်နှစ်ကို သုံး၊ လေးလလောက် ကြာပါတယ်။ ထင်းကိုသုံးပြီး ဆေးပေါင်းကြတဲ့အတွက် ကုန်သွားမယ့် ထင်းတန်ရေက တစ်နှစ်ကို တန်ချိန်ပေါင်း ၆၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။ သိရသလောက် သူတို့ဘက်ကို Safe Side ယူတဲ့အနေနဲ့ ထင်းစိုက်ခင်း ပြန်စိုက်ပေးတယ် ဆိုတာမျိုး ပြနိုင်ဖို့ ပြင်ဆင်ထားတာတွေတော့ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အဲဒီအပြလုပ်တဲ့ ထင်းစိုက်ခင်းတွေဟာ ဘယ်တော့မှ ဘာပင်မှမရှိတဲ့ မြေကွက်လပ်တွေသာ ဖြစ်နေတတ်ပါတယ်။ ပေါက်မြို့မှာရှိတဲ့ ထင်းကိုသုံးပြီး ဆေးပေါင်းရုံလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် သစ်တောပြုန်းတီးမှုတွေ ဆက်မဖြစ်အောင် တားမြစ်တဲ့ ဥပဒေ(သို့) ကန့်သတ်ချက်တစ်ခု အမြန်သတ်မှတ်ပေးဖို့ လိုအပ်နေပါတယ်” ဟု သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရန် ဆောင်ရွက်နေသူ ကိုရဲထွန်းနောင်က ဆိုသည်။

ထို့ပြင် ပေါက်မြို့၏ ဆေးပေါင်းလုပ်ငန်းများကို အခြေချ လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ RPMM ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ လက်ခွဲကုမ္ပဏီတစ်ခု ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၌ ဗာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးမှု နှစ်စဉ်တိုးတက်လာပြီး ယင်းဆေးရွက်ကြီးကိုပင် ပြည်ပမှ တင်သွင်းမှုသည်လည်း တန်ချိန်မှ ၂၀၀၀ မှ ၇၀၀၀ ကျော်အထိ တိုးမြှင့်တင်သွင်းလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် စာရင်းများနှင့် သုတေသနများအရ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကာလတွင် လူအများသိခဲ့သည့် ဒူးယား၊ ခပေါင်းစီးကရက်များ စတင်ထုတ်လုပ်စဉ်က နှစ်စဉ်စီးကရက် အလိပ်ရေသန်း ၅၀၀ မှ ၁၀၀၀ ၀န်းကျင်ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးပွင့်လင်းလာမှုကြောင့် နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၂၅၀၀ မှ ၃၀၀၀ ကျော် ထုတ်လုပ်လာကြောင်း သိရသည်။

ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဆေးလိပ်အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲနေပြီး အသက် ၁၅ နှစ်အထက် မြန်မာနိုင်ငံ လူဦးရေသန်း ၃၀ ကျော် (ခန့်မှန်း) အနက် ၅၀ ရာခိုင်နှုန်းနီးပါးမှာ နေ့စဉ် စွဲစွဲမြဲမြဲ ဆေးလိပ်သောက်သုံးမှု ရှိနေကြောင်း သိရသည်။


အိသဉ္ဇာကျော်| Eleven Media Group



မှတ်ချက်များ