ကမ္ဘာ့ဘဏ်မှ ပထမနှစ်အတွက် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကိုးရွာသို့ ထောက်ပံ့ငွေများ ပေးအပ်လိုက်ပြီဖြစ်ပြီး ကျန်ကျေးရွာ အုပ်စု ၁၁ စုကိုလည်း ယခုလအတွင်း အပြီးသတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
![]() |
| ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား တွေ့ရစဉ် |
မြန်မာနိုင်ငံအတွင်းရှိ အဆင်းရဲဆုံး မြို့နယ်သုံးမြို့အတွက် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေများ ပေးအပ်ရန်အတွက် ရွေးချယ်ထားပြီး ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့၊ ရှမ်းပြည်နယ်ရှိ နမ့်စမ်းမြို့နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ မြို့နယ်များအနက် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာအတွက် ကျပ်သိန်း ၂၄၈၇၇၈၀၀၀ (နှစ်ထောင်လေးရာ ရှစ်ဆယ့်ခုနစ်သိန်း ခုနှစ်သောင်းရှစ်ထောင်ကျပ်)အား မတ် ၁၃ ရက်မှစတင်ပြီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေများကို ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ချထားပေးရာတွင် ကျေးရွာများရှိ လူဦးရေအချိုးအစားအလိုက် ခွဲဝေချထားပေးခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၃၀၀၀ အောက်ရှိသော ကျေးရွာအုပ်စုမှာ ငါးအုပ်စုရှိပြီး အဆိုပါကျေးရွာအုပ်စု တစ်ခုစီအနေဖြင့် ပထမနှစ်အတွက် ကျပ် ၁၈၃၆၀၀၀၀ စီ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လူဦးရေ ၃၀၀၀ နှင့် ၅၀၀၀ ကြားရှိသော ကျေးရွာအုပ်စုမှာ နှစ်အုပ်စုရှိပြီး ကျေးရွာအုပ်စု တစ်ခုစီအနေဖြင့် ပထမနှစ်အတွက် ကျပ် ၂၄၇၈၆၀၀၀ စီ ရရှိမည်ဖြစ်ကာ လူဦးရေ ၅၀၀၀ အထက်ရှိသော ကျေးရွာအုပ်စုမှာ ၁၃ အုပ်စုရှိပြီး ကျေးရွာအုပ်စု တစ်ခုစီအနေဖြင့် ပထမနှစ်အတွက်ကျပ် ၃၁၂၁၂၀၀၀ စီ ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇ်ာမိုးဦး(မြိတ်)| Eleven Media Group

မှတ်ချက်များ