ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း၌ မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းဝန်းကျင်ခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
![]() |
| မန္တလေးတောင်ရင်ပြင်တွင် နေ၀င်ချိန်ကြည့်ရှုနေသော နိုင်ငံခြား ခရီးသွားများအား မတ်ဒုတိယအပတ်က တွေ့ရစဉ် |
ယခုနှစ် ခရီးသွားရာသီ စတင်ချိန်ဖြစ်သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလခန့်မှ စတင်ကာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်ခဲ့မှုမှာ ၉၈၅၀၄ ဦးခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
“ဒီနှစ်က ခရီးသွားဧည့် အလာများတာက ပြင်သစ်အများဆုံးနဲ့ အာရှ၊ ဥရောပနိုင်ငံတွေကနေ လာရောက်လည်ပတ်တာ များပါတယ်။ ခရီးသွားတွေ လာရောက်လည်ပတ်တာ များတယ်ဆိုပေမယ့် ဒီကိုလာလည်ရတာက လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်နဲ့ အခြားသည်ယူပို့ဆောင်စရိတ်တွေ ကြီးမြင့်တာကြောင့် ခရီးသွားတွေ အခက်အခဲဖြစ်တယ်” ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။
မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်ခဲ့မှုများမှာ ၂၀၁၁ ခုနှစ်တွင် ၉၉၀၁၆ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၀၉၇၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၄၂၂၁၅ ဦးတို့ ၀င်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းမှ ရှေးဟောင်းယဉ်ကျေးမှုဇုန်များရှိ ဇုန်ဝင်ကြေးများကို ၁၉၉၆ ခုနှစ်မှ စတင်ပြီး နိုင်ငံခြားသားများ သွားရောက်လည်ပတ်ရာတွင် ဒေါ်လာဖြင့် ပေးချေခဲ့ရာ၌ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ စတင်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်မှအပ ကျန်ဒေသများအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံခဲ့သည်။ ယင်းသို့ ပြောင်းလဲကောက်ခံခဲ့သည့် ဒေသများမှာ မန္တလေး-ပဲခူးဒေသတွင် အမေရိကန်ဒေါ်လာအစား မြန်မာကျပ်ငွေဖြင့် တစ်သောင်းကျပ်၊ ရွှေဘို-ဟန်လင်းဒေသ၊ မြောက်ဦးနှင့် ပြည်ဒေသကို ငါးဒေါ်လာအစား မြန်မာကျပ်ငွေဖြင့် ငါးထောင်ကျပ်၊ စစ်ကိုင်း-မင်းကွန်းဒေသတွင် သုံးဒေါ်လာအစား မြန်မာကျပ်ငွေ သုံးထောင်ကျပ်နှင့် ကျိုက်ထီးရိုးဘုရားဒေသတွင် ခြောက်ဒေါ်လာအစား မြန်မာကျပ်ငွေ ခြောက်ထောင်ကျပ်တို့ဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောင်းလဲကောက်ခံခဲ့သည်။
ဌေးလှအောင်| Eleven Media Group

မှတ်ချက်များ