မြန်မာနိုင်ငံ အစိုးရက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့အပြီး ၁၅ ရက် အကြာမှာ အစိုးရ အဆင့်မြင့် အရာရှိကြီးတွေ လက်ဆောင် အဖြစ် လက်ခံနိုင်တဲ့ အများဆုံးတန်ဖိုး ပမာဏကို ကန့်သတ်တဲ့ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းက ရင်နှီးမြုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကြရတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ တိုင်းဒေသ အစိုးရအဖွဲ့တွေရဲ့ ဝန်ကြီးချုပ်တွေနဲ့၊ ဝန်ကြီးဌာန အသီးသီးက ထိပ်သီး အရာရှိကြီးတွေဟာ ရွှေ၊ ငွေ ကဲ့သို့တန်ဖိုးကြီး ပစ္စည်းတွေကို လုံးဝ လက်ခံခြင်း မပြုရဘဲ တန်ဖိုးငွေ ၃သိန်းထက် မပိုတဲ့ ပစ္စည်းတွေကိုသာ လက်ဆောင်အဖြစ် လက်ခံနိုင်တယ်လို့ ဒီအမိန့်အရ ထိန်းချုပ်လိုက်ပါတယ်။
ဒီအမိန့်ကြေညာချက်ကို မတ်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး၊ ကျပ်ငွေ ၃ သိန်းဆိုတဲ့ ပမာဏဟာ နိုင်ငံတကာမှာ ကန့်သတ်လေ့ရှိတဲ့ ဒေါ်လာ ၃၀ဝ တန်ဖိုးကို အတုယူ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
လူမှုရေး ကိစ္စတွေနဲ့နှီးနွယ်ပြီး အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဩဇာ လွှမ်းမိုးလာနိုင်တာကို ကြိုတင် ထိန်းချုပ်နိုင်ဖို့ဒီလို ကန့်သတ်မှုမျိုး လုပ်ရတာလို့လည်း သူက ဆိုပါတယ်။
အရင် အစိုးရ အဆက်ဆက်မှာ လာဘ်ပေးလာဘ်ယူ အလေ့အကျင့်ဟာ လုပ်ရိုးလုပ်စဉ် တစ်ခုသဖွယ် ထွန်းကားခဲ့ပြီး မင်္ဂလာဆောင်လို အခမ်းအနားတွေကို အကြောင်းပြပြီး လာဘ်ပေးကြတာတွေလည်း ရှိပါတယ်။
ဒီထုတ်ပြန်ချက် နောက်ပိုင်း အဆင့်မြင့် အရာရှိကြီးတွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်တွေဟာ သူတို့ ရရှိခဲ့တဲ့ လက်ဆောင် ပမာဏ တန်ဖိုးတွေပေါ် မူတည်နေတယ်လို့သံသယဖြစ်ဖွယ် ရှိလာရင် စုံစမ်းမှုတွေ ပြုလုပ်ပြီး လာဘ်ပေးမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့အစိုးရဘက်က ဆိုပါတယ်။
(ဘီဘီစီ | မြန်မာပိုင်း)
မှတ်ချက်များ