လွှတ်တော် အမတ်အဖြစ်က ဘယ်လို ရုပ်သိမ်းနိုင် မလဲ
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က မတ်လ ၁၈ ရက် အင်္ဂါနေ့က အတည်ပြုလိုက် ပါတယ်။
အမျိုးသား လွှတ်တော်ရဲ့ သဘောထား ရယူဖို့တော့ လိုပါသေးတယ်။
လွှတ်တော် အမတ် တစ်ယောက်က နိုင်ငံတော် သစ္စာဖေါက်ဖျက်မှု၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဖေါက်ဖျက် ကျူးလွန်မှု၊ အကျင့်သိက္ခာ ပျက်ပြားမှု စတဲ့ ပြစ်ချက်တွေ ကျူးလွန်ရင် သူ့ရဲ့ မဲဆန္ဒ နယ်မြေက မူလ မဲပေး ပိုင်ခွင့်ရှိသူ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား နိုင်ပါတယ်။
တိုင်းကြားတဲ့ သူက မူက မဲပေး ပိုင်ခွင့် ရှိသူ ဟုတ်မဟုတ် ဆိုတာနဲ့ လက်မှတ် တွေကို မတရားတဲ့ နည်းလမ်း တခုခုနဲ့ ကောက်ခံတာ ဟုတ်မဟုတ် ဆိုတာ စိစစ်ပြီး တဲ့နောက် ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင် ၃ ယောက်နဲ့ သင့်တော်သူ ၂ ယောက်တို့ ပါဝင်တဲ့ ကော်မတီဖွဲ့ပြီး ဆက်လက် စိစစ် ရပါမယ်။
အဲဒီလို စိစစ်ရာမှာ အပြစ်ရှိတယ်လို့ ကော်မတီက ဆုံးဖြတ်ခဲ့ရင် အဲဒီ လွှတ်တော် ကိုယ်စားလှယ်ကို တာဝန် ကနေ ပြန်လည် ရုပ်သိမ်းဖို့ ထောက်ခံမှု ရှိမရှိ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေမှာ ဆန္ဒ္ဒမဲ ပေးကြရမယ်လို့ ဥပေဒေမှာ ဖေါ်ပြ ထားကြောင်း ပြည်သူ့ လွှတ်တော်အမတ် ဦးဝင်းသန်းက ပြောပါတယ်။
မူလ မဲဆန္ဒရှင် ဦးရေရဲ့ ထက်ဝက်ကျော်က မဲဆန္ဒ ပေးကြမှသာ မဲပေးပွဲ အထ မြောက်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မဲပေးသူ ဦးရေရဲ့ ထက်ဝက်ကျော်က တာဝန် ရုပ်သိမ်းဖို့ မဲပေး ထောက်ခံရင် အဲဒီ မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ်ကို အမိန့် ထုတ်ပြန်ချက်နဲ့ တာဝန်က ရပ်စဲနိုင်ပြီး မထောက်ခံ ရင်တော့ ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်း ပိုင်ခွင့် မရှိဘူး ဆိုတဲ့ အမိန့်စာ ထုတ်ပေးရမယ်လို့ ဦးဝင်းသန်းက ဆိုပါတယ်။
လောလောဆယ် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းဖို့ တိုင်ကြား ခံထားရသူ လေးယောက် ရှိနေပါတယ်။
ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ အတည်မပြုရသေးတဲ့ အတွက် လွှတ်တော် သက်တမ်း သုံးနှစ် အတွင်းမှာ သူတို့ကို အရေးယူနိုင်ခြင်း မရှိသေးပါဘူး။
(ဘီဘီစီ | မြန်မာပိုင်း)

မှတ်ချက်များ