သင်္ကြန်ကာလတွင် ရွေ့လျားသန့်စင်ခန်း ၄၀ ကျော် ထားမည်

ရန်ကုန် မဟာသင်္ကြန်ပွဲတော်တွင် ရေကစားသူများ သန့်စင်ခန်း အသုံးပြုနိုင်ရန် အသုံးပြုနိုင်မည့် ရွေ့လျားသန့်စင်ခန်း ၄၀ ကျော် ယာယီ ထားရှိပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

အဆိုပါ ယာယီရွေ့လျားသန့်စင်ခန်း ၄၂ ခုအနက် ၃၂ ခုကို ဗဟန်း၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံ၊ တာမွေနှင့် ရန်ကင်းမြို့နယ်များတွင် ဌာနအနေနှင့် အခမဲ့ စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ကျန်ရွေ့လျား သန့်စင်ခန်း ၁၀ ခုကို ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ သင်္ကြန်ရေကစား မဏ္ဍပ်များက မဏ္ဍပ်တစ်ခုလျှင် သန့်စင်ခန်း တစ်ခုစီဖြင့် တစ်ရက်လျှင် တစ်သောင်း ကျပ်ဖြင့် မဖြစ်မနေ ငှားရမ်း အသုံးပြုရမည် ဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရှိရသည်။

“ရေကစားတဲ့သူတွေ ကျန်းမာရေး လိုအပ်ချက်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းစေဖို့အတွက် ဆောင်ရွက်တာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ရွေ့လျား သန့်စင်ခန်း ၉ ခု အပါအဝင် အများပြည်သူသုံး သန့်စင်ခန်းပေါင်း ၂၆ ခု ရှိကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

မှတ်ချက်များ