ထို့အပြင် နေပြည်တော်တွင် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်လေ့ ရှိသော ကျောက်စိမ်းကျောက်မျက်ပြပွဲကို ယခုနှစ်၌ မပြုလုပ်ရသေးသဖြင့် ဈေးနှုန်းကျဆင်း လာကြောင်း ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင် ဦးစိုင်းသီဟန်ကလည်း ဆိုသည်။
‘‘တစ်နိုင်တစ်ပိုင်သမားတွေဆီကထွက်တဲ့ ကျောက်တွေလည်း ရှားလာသလို တရုတ်က လုပ်လိုက်တဲ့ အစီအစဉ်တချို့ကြောင့် ဈေးကျလာပြီး အ၀ယ်လည်းအေးလာတယ်’’ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းကျောက်မျက် အများစုကို တရုတ်နိုင်ငံက အဓိက၀ယ်ယူနေပြီး တရုတ်ဈေးကွက်ကို မှီခိုနေရသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကာလရှည် အရောင်းအ၀ယ်အေးလာနိုင်ကြောင်း လုပ်ငန်းရှင်အချို့ကသုံးသပ်သည်။
ယခင်က တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များသည် တရုတ်ဘဏ်များတွင် ငွေကို အတိုးနှုန်းသက်သာစွာ ချေးယူပြီး မြန်မာပြည်တွင် ကျောက်စိမ်းကို ဈေးနှုန်းသက်သာသောကြောင့် တရားမ၀င်လမ်းကြောင်းမှတစ်ဆင့် အများဆုံး ၀ယ်ယူစုဆောင်းလေ့ရှိကြသည်။
ထို့အပြင် တရုတ်အစိုးရက တရုတ်အရာရှိများ၏ ငွေပိုငွေလျှံအသုံးချမှုများကို ထိန်းချုပ်ရန်အတွက် အတိုးနှုန်းသက်သာသည့် ဘဏ်များကို အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် စီစဉ်နေကြောင်း တရုတ်သတင်းဌာနအချို့တွင် ရေးသားဖော်ပြထားသည်။
ကျောက်စိမ်းအဓိကထွက်ရှိရာ ကချင်ပြည်နယ်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်စိမ်းလုပ်ကွက် အကြီးစားများ ရပ်တန့်ထားရသည်မှာ ၂ နှစ်ကျော်နေပြီဖြစ်သည်။
မိုးညို | 7 day daily
မှတ်ချက်များ