စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအတွက် အနည်းဆုံးလစာသတ်မှတ်ချက် အပါအ၀င် စည်းမျဉ်းအသစ်များပြဋ္ဌာန်း
ယခင်က တရားမ၀င် သတ်မှတ်ထားခဲ့သည့် အိမ်အကူတင်ပို့ခြင်းအား မြန်မာနိုင်ငံက တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံခြားသို့ တင်ပို့ခဲ့သည့် မြန်မာအမျိုးသမီး အိမ်အကူများအား အကာအကွယ် ပေးနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခဲ့ပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအား သက်ရောက်မှုရှိမည့် အချက် ၃ ချက် ပါဝင်သည်ဟု The Straits Times သတင်းစာက မတ် ၂၄ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ စည်းမျဉ်းအသစ်များမှာ မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးအတွက် အနည်းဆုံး အခြေခံလစာ ဒေါ်လာ ၄၅၀ ပေးအပ်ရန်၊ တစ်လလျှင် အနည်းဆုံး နားရက်တစ်ရက် သတ်မှတ်ပေးရန်၊ အိမ်အကူတင်ပို့မှု ၀န်ဆောင်မှု အခကြေးငွေသည် အိမ်အကူ၏ လေးလစာပေါင်းထက် မပိုရန် စသည့်အချက်အလက်များ ပါဝင်သည်ဟု သိရသည်။
သို့သော် စင်ကာပူနိုင်ငံရှိ အိမ်အကူ အမျိုးသမီး တင်သွင်းသည့် ကိုယ်စားလှယ်များက ပြောဆိုရာတွင် စည်းမျဉ်းများ သတ်မှတ်ပြီး ဖြစ်သော်လည်း သက်ရောက်မှုရှိရန်အတွက် အချိန်ယူရလိမ့်ဦးမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၄၀၀ မှ ၄၃၀ ကြား ရရှိနေကြသော်လည်း နားရက်အဖြစ် ခံစားခွင့်မရှိပေ။ ထို့ပြင် အိမ်အကူ ၀န်ဆောင်ခအဖြစ် လစာ ရှစ်လစာ သို့မဟုတ် ဒေါ်လာ ၃၀၀၀ ထက် မနည်းကိုလည်း ပေးဆောင်ရသေးသည်။
စင်ကာပူနိုင်ငံသို့ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များကလည်း အိမ်အကူများ တင်ပို့လျက်ရှိပြီး အဆိုပါ အိမ်အကူများအတွက် အနည်းဆုံး တစ်လလျှင် ဒေါ်လာ ၄၅၀ မှ ၅၀၀ အထိ လစာပေးရန် သတ်မှတ်ထားပြီး တစ်ပတ်လျှင် တစ်ရက်အနားယူခွင့် ပေးရသည်။ ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ အိမ်အကူများအတွက် ၀န်ဆောင်ခ ပေးဆောင်ရန် မလိုလားဘဲ အင်ဒိုနီးရှားကမူ လစာ၏ ခြောက်လစာ သို့မဟုတ် ဒေါ်လာ ၂၀၀၀ ကို ၀န်ဆောင်ခအဖြစ် ပေးဆောင်ရန် သတ်မှတ်ထားသည်။
စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူ အရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့် ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်။ စင်ကာပူနိုင်ငံ၌ အင်ဒိုနီး ရှား အိမ်အကူ အရေအတွက်မှာ ၁၂၅၀၀၀ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူ အရေအတွက် မှာ ၇၀၀၀၀ ကျော်ရှိနေသည်။
မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက် ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။
ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အိမ်အကူများအား ကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက် အိမ်အကူများကို အိမ်ရှင်များက အကြမ်းဖက်မှု အဖြစ်အပျက်များ ဖြစ်ပွားလျက် ရှိနေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အိမ်အကူ ပို့ဆောင်ရေးကို ဆက်လက်တွန်းအားပေး လုပ်ဆောင်လျက် ရှိနေသည်။
EMG

မှတ်ချက်များ