၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်မှ ပြည်သူ ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြည်သူလူထု ၁၀၀၀ ကျော်မှ မတ် ၂၄ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းတို့၏ ခွင့်ပြုအမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အင်းစိန်မြို့နယ်တွင် ဆန္ဒထုတ်ဖော်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

အင်းစိန်မြို့နယ်တွင် နံနက် ၉ နာရီ၌ ပြည်သူ ၅၀၀ကျော်က အောင်ဇေယျကြိုးတံတားမှ စဥ့်ကူရပ်ကွက် စက်မှုလက်မှု အထက်တန်းကျောင်းရှေ့ထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့အတူ မရမ်းကုန်းမြို့နယ်၌ ပြည်သူ ၅၀၀ ကျော်က သမိုင်းဘူတာရုံ ခုံးတံတားအောက်မှ ကျိုက်ဝိုင်းဘုရား အားကစားကွင်းထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ထိုသို့ဆန္ဒ ထုတ်ဖော်ကြရာတွင် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး"၊ "ပြည်သူရွေးချယ်သော အစိုးရပေါ်ပေါက်ရေး... ဒို့အရေး ဒို့အရေး"၊ "စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး... ဒို့အရေး ဒို့အရေး"၊ "ပုဒ်မ ၄၃၆ အလိုမရှိ အလိုမရှိ"၊ "ပုဒ်မ ၅၉ (ဃ) အလိုမရှိ အလိုမရှိ"၊ "ပုဒ်မ ၅၉(စ)အလို မရှိအလိုမရှိ" စသည့် ဗီနိုင်းချပ်များကို ကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ တကယ့်အုတ်မြစ်ဖြစ်လို့ လုပ်ထုံးလုပ်နည်းလည်း ဖြစ်တယ်။ ဒါ့အပြင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက ကျွန်တော်တို့ပြည်သူ တစ်ရပ်လုံး မလိုလားတဲ့ ဥပဒေကြီးပါ။ လွှတ်တော်အနေနဲ့လည်း ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အလေးအနက်ထား ဆုံးဖြတ်ပေး စေချင်တယ်" ဟု အင်းစိန်မြို့နယ်မှ ကိုသန့်ဇင်ဦးက ပြောကြားသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်မှ ဦးတင်ဝင်းက "ဒီအခြေခံဥပဒေဟာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ စစ်အစိုးရရဲ့ ဥပဒေတွေပါ။ ကျွန်တော်တို့ ပြည်သူတွေ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်ပါပြီ။ ဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ယင်းသို့ဆန္ဒ ထုတ်ဖော်ကြရာတွင် ပုဒ်မ ၄၃၆ အား အဓိက ပြင်ဆင်လိုကြောင်း ဆန္ဒထုတ်ဖော်သည့် ပြည်သူများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုပါရှိပြီး ပုဒ်မ ၄၃၆ (ခ) ၌ ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၂၀ တွင် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကာ ယခုနှစ်မြို့နယ် အပါအ၀င်ဆိုလျှင် ၂၂ မြို့ နယ်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group



မှတ်ချက်များ