အသစ်ဖောက်လုပ်နေသော သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုအားကောင်းလာပြီး နယ်စပ်မြို့များလည်း ပိုမိုဖွံ့ဖြိုးလာမည်ဟုဆို
ထိုင်းနိုင်ငံမှ ဖောက်လုပ်ပေးနေသော သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုအားကောင်းလာနိုင်ကြောင်း လေ့လာသုံးသပ်သူအချို့၏ ပြောကြားချက်အရ သိရသည်။
“သင်္ကန်းညီနောင်နဲ့ ကော့ကရိတ်ကို ဖောက်ထားတာ ၄၅ ကီလိုမီတာပဲ ရှိတယ်။ ဒီလမ်းလေးက ထိုင်းအကူအညီနဲ့ လုပ်မှာ။ East -West corridor နဲ့ သွားချိတ်မှာပေါ့။ East -West corridor က မြ၀တီက၀င်မှာ။ ၀င်ပြီးတော့ ပြီးရင် သင်္ကန်းညီနောင်။ အဲဒီအတိုင်း ကော့ကရိတ်အထိ လာမယ်။ ပြီးရင် အိန္ဒုကနေ ဘားအံ၊ ဘားအံကနေပြီး ရန်ကုန်ကိုဖြတ်မယ်။ ပြီးရင် အိန္ဒိယနဲ့ချိတ်မှာ။ အဲဒါကလည်း တစ်နည်း အားဖြင့်ဆို ရင် အိန္ဒိယ-မြန်မာ ဟိုက်ဝေးလမ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမယ်။ ဆိုတော့ ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှုတွေ ပိုမြန်လာမှာပါ။ ပြီးရင် နယ်စပ်ဒေသတွေလည်း ပိုပြီးတော့ ဖွံ့ဖြိုးလာမှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
အဆိုပါ သင်္ကန်းညီနောင်နှင့် ကော့ကရိတ်ကြား ဆက်သွယ်ထားသည့်လမ်းသည် အာဆီယံ ပတ်လမ်းမဖြစ်သည့် East -West corridor နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်ကို အပြီး target ထားပြီး ဖောက်လုပ်နေကြောင်း သတင်းရရှိသည်။
“အာဆီယံပတ်လမ်းတွေအားလုံး ၂၀၁၅ မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ ကိစ္စကတော့ မပြီးနိုင်ဘူးလို့ ထင်တယ်။ တချို့အပိုင်းတွေ ပြီးပေမယ့် တချို့အပိုင်းတွေ မပြီးနိုင်သေးဘူး။ အခု ထိုင်းဖောက်လုပ်ပေးနေတဲ့ လမ်းပိုင်းလေးကတော့ West corridor ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလည်းရပါတယ်။ East -West corridor ကတော့ မော်လမြိုင်နဲ့ ဒါနန်းနဲ့ ချိတ်တဲ့လမ်း။ သူက မြန်မာပြည်မှာတော့ Corridor ဖြစ်သွားတာပေါ့။ အိန္ဒိယရယ်၊ မြန်မာရယ်၊ ထိုင်းရယ်က East -West corridor လမ်းနဲ့ အတူတူပဲ” ဟု ဦးအောင်မြင့်က ပြောကြားသည်။
“မြ၀တီတို့၊ ဘားအံတို့မှာ စက်မှုဇုန်တွေ ဖြစ်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်တဲ့ ကျွန်တော်တို့ဒေသကလူတွေ ဟိုဘက်သွားလုပ်စရာ မလိုဘူး။ ဟိုဘက်ကို သွားအလုပ်လုပ်ရတာ ကိုယ့်နိုင်ငံမဟုတ်တော့ ပတ်စ်ပို့ကိစ္စတွေ ဘာတွေနဲ့ အဆင်မပြေလှပါဘူး” ဟု မြ၀တီစက်မှုဇုန် တည်ဆောက်ရေးတွင် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ဆိုသည်။
“၂၀၁၅ နောက်ပိုင်းတော့ မြ၀တီက တိုးတက်လာနိုင်တယ်။ ဘားအံမှာလည်း စက်မှုဇုန်တွေဘာတွေ ရှိနေတယ်ဆိုတော့ ထိုင်းဘက်ကသူတွေ ဒီဘက်ပြန်လာပြီး အလုပ်လုပ်နိုင်မယ့် အနေအထားမျိုးရှိရင် တိုးတက်သွားမယ်။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးကိစ္စပေါ့။ ဒီလူတွေလည်း သူတို့နယ်မြေ ဖွံ့ဖြိုးဖို့က သူတို့စိတ်ထဲမှာ ရှိပြီးသားပဲ။ ငြိမ်းချမ်းသွားတယ်ဆိုရင် ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ဦးအောင်မြင့်က သုံးသပ်ပြောကြားသည်။
“အခု ထိုင်းဘက်က ဖောက်ပေးနေတဲ့ သင်္ကန်းညီနောင်၊ ကော့ကရိတ်လမ်းပြီးရင်တော့ ထိုင်းနဲ့မြန်မာနဲ့ အခုထက်လည်းပိုပြီး ဆက်သွယ်ရေးကောင်းလာမယ်။ အခုက လမ်းဟောင်းကနေ သွားနေရဆဲဖြစ်တော့ အတက်တစ်ရက် အဆင်းတစ်ရက် ဖြစ်နေတယ်။ လမ်းပြီးသွားရင်တော့ အချိန်ဒီလောက် မကြာသလို အန္တရာယ်လည်း ဒီလောက်မများဘူး။ အခုက ကားတွေဆိုင်ကယ်တွေက မကြာခဏ မှောက်တတ်တယ်။ အန္တရာယ်များပါတယ်” ဟု ဘားအံဒေသခံတစ်ဦးက ပြောကြားသည်။
အငယ်ထွေး | Eleven Media Group

မှတ်ချက်များ