စမတ်ဖုန်းမှ သတင်း အချက်အလက် များကို ခိုးယူနိုင်သည့် မောင်းသူမဲ့ လေယာဉ် တီထွင်ထုတ်လုပ်



စမတ်ဖုန်းများမှ သတင်း အချက်အလက် များကို ခိုးယူနိုင်သည့် မောင်းသူမဲ့ လေယာဉ်သစ်ကို ဟက်ကာ သမားများက တီထွင်ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို လန်ဒန်မြို့တွင် စမ်းသပ်ခဲ့ပြီး ၎င်းလေယာဉ်၏ လုပ်ဆောင်မှု များကို စင်ကာပူ နိုင်ငံ၌ လာမည့် သီတင်းပတ်တွင် ကျင်းပမည့် Black Hat Asia အမည်ရှိ ဆိုက်ဘာ လုံခြုံရေး ဆွေးနွေးပွဲတွင် မိတ်ဆက်ဖော်ပြ သွားမည်ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်၏ နည်းပညာအား Snoopy ဟု အမည်ပေးထားပြီး ၎င်းသည် wifi ဖွင့်၍ စမတ်ဖုန်းများမှ နည်းပညာ အချက်အလက် များကို ဝင်ရောက် ကြည့်ရှုနိုင်သည့် အပြင် တစ်ချိန်တည်းမှာပင် အချက်ပြ ကိရိယာ များကိုလည်း ပေးပို့နိုင်ကြောင်း သိရသည်။

ထို့ပြင် Snoopy မောင်းသူမဲ့ လေယာဉ်သည် ဖုန်းသုံးစွဲသူ များ၏ မက်ဆေ့များ ကိုလည်း ကြားဖြတ်ရယူ နိုင်ရုံသာမက အသုံးပြု သူများ၏ data,usernames နှင့် password များကိုလည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း CNN သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

အလားတူ ၎င်းမောင်းသူမဲ့ လေယာဉ်သည် အနည်းဆုံး ၁ နာရီ ပျံသန်းနိုင်ကြောင်း၊ သို့ရာတွင် စမတ်ဖုန်း သုံးစွဲသူများ အနေဖြင့် wifi ကို ပိတ်ထားပါက ယင်းလေယာဉ်များက အဆိုပါ ဖုန်းမှ သတင်း အချက်အလက် များကို ခိုးယူနိုင်ခြင်း မရှိကြောင်း သိရသည်။

မြဝတီ

မှတ်ချက်များ