မြန်မာဖုန်း အာဆီယံ၌အသုံးပြုနိုင်ရန် စမ်းသပ်နေပြီ

မြန်မာဖုန်း အာဆီယံတွင်အသုံးပြုနိုင်ခွင့် အတွက် မြန်မာ့ဆင်းကတ် ကို ပြည်ပနိုင်ငံ တွင်စမ်းသပ်မှုများ ပြု လုပ်နေပြီ ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

''အပြန်အလှန် သုံးစွဲခွင့်အတွက်ဆွေးနွေးပြီး သွားပါပြီ။ အခု နောက်ဆုံးအဆင့်လို့ ပြောလို့ရမယ့် အနေအထား တစ်ခု အနေနဲ့ မြန်မာ့ဆင်းကတ်တွေ ကို Roaming စမ်းသပ်နေပါပြီ'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မှအရာရှိတစ်ဦး က ပြောသည်။

စမ်းသပ်မှုများ ပြုလုပ်ရာတွင် ပြည်ပနိုင်ငံများမှာ ဆက်သွယ်ရေးအော် ပရေတာများများပြားသည့်အတွက် ကုမ္ပဏီတစ်ခုချင်းအလိုက် စမ်းသပ် နေရ၍ အချိန်ကြာမြင့်နေခြင်းဖြစ်ကြောင်း ယခုနှစ်အ တွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

''Roaming စမ်းသပ်တဲ့အပိုင်းမှာ ပြည်ပ နိုင်ငံကဖုန်းတွေ ဒီမှာသုံးဖို့ စမ်းသပ်ထားတာ ပြီးသွားပါပြီ။ ကိုယ့်နိုင်ငံကဖုန်းတွေပဲ ကျန်တော့ တယ်။ နိုင်ငံအချို့ကိုတော့ မြန်မာ့ဖုန်းစမ်းသပ် ပြီးသွားပါပြီ။ အချို့ပဲ ကျန်ပါတော့တယ်'' ဟု ၎င်းကပြောသည်။ အသုံးပြုခွင့်ရရှိပါက ဘီလ်စနစ်အသုံးပြုသည့် ဂျီဖုန်းများသာရရှိမည် ဖြစ်ပြီး အာဆီယံနှင့် မိတ်ဖက် ၄ နိုင်ငံရရှိမည်ဖြစ်သည်။ ငွေကြေး ကောက်ခံ မှု နှုန်းထားနှင့် Roaming ရရှိမည့် နိုင်ငံများကို မကြာမီတွင် ထုတ်ပြန်ကြေညာပေး သွားမည်ဟု၎င်းက ဆက်ပြောသည်။

ယင်းသို့ မြန်မာ့ဆက်သွယ်ရေးမှ မြန်မာဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုမှု ဆောင်ရွက်ရာ တွင် အချိန်ကြာမြင့်နေမှုများ ရှိနေသော်လည်း ယခုနှစ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းကို ဝန်ဆောင် မှုစတင်မည့် ရတနာပုံတယ်လီပို့၊ Telenor Myanmar, Ooredoo Myanmar ကုမ္ပဏီများမှာ ၎င်းတို့ကုမ္ပဏီမှ စတင်ရောင်းချမည့် ဖုန်းများကို ပြည်ပနိုင်ငံ များကိုပါ သယ်ဆောင်အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့ဖုန်းများ ပြည်ပတွင်သယ်ဆောင်အသုံးမပြုနိုင်သော်လည်း ပြည်ပနိုင်ငံအချို့၏ ဖုန်းများမှာ မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်ဆန်းမှ စ၍လာရောက်သုံးစွဲနိုင်ပြီဟု ဆက်သွယ်ရေး မှ သိရသည်။

အောင်ဇော် | Popular Myanmar News Journal

မှတ်ချက်များ