မြ၀တီနယ်စပ်မှ သင်္ကြန်ပွဲတော်အမီ မြန်မာအလုပ်သမားများ နေရပ်ပြန်လာမှု ယခင်နှစ်ထက်များပြားပြီး အထောက်အထားမဲ့ပြန်လာကြသူများ လမ်းခုလတ်တွင် ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရ

နေရပ်ပြန် မြန်မာလုပ်သားများအား မြ၀တီချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးဂိတ်တွင် မတ် ၁၅ ရက်က တွေ့ရစဉ်


နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပွဲတော်ရာသီတွင် မြန်မာအလုပ်သမားများနေရပ်သို့ ပြန်လာခဲ့ကြသော်လည်း ယခုနှစ်တွင် ပိုမိုများပြားပြီး အထောက်အထားမဲ့ ပြန်လာကြသူများမှာ လမ်းခုလတ်၌ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကိုခံရကာ မြ၀တီဘက်ကမ်း (၉၉၉) ဂိတ်ဟောင်းသို့ ပို့ပေးသော်လည်း တစ်ယောက်လျှင် DVD တစ်ခွေ ဘတ် ၁၂၀ ဖြင့်ဝယ်ယူရပြီး ဘတ် ၁၆၀၀၊ ဂိတ်ဝင်ကြေးဘတ် ၁၀၀ ပေးဆောင်ပြီးမှသာ လိုရာခရီးသို့ ဆက်လက်သွား၍ရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ နှစ်နှစ်သက်တမ်း၊ လေးနှစ်သက်တမ်း ဗီဇာပါရှိသော ပတ်စ်ပို့စာအုပ်များဖြင့် အလုပ်လုပ်ကိုင်နေကြပြီး သက်တမ်းကျော်အလုပ်သမားများအား ထိုင်းရဲများက လိုက်လံဖမ်းဆီးကာ ဒဏ်ကြေးအမြောက်အမြား ပေးဆောင်နေကြရသော်လည်း အာမခံချက်မရှိဘဲ ထပ်မံဖမ်းမိလျှင် ထပ်ဆောင်းပေးရသည့်အတွက် ကိုယ့်နေရပ်သို့ ပြန်လာကြသည်ဟု ဆိုသည်။

"ဗီဇာ၊ ပတ်စ်ပို့စာအုပ်ကို ယခင်လို တော် (သက်တမ်းတိုး) လို့မရတော့ အဖမ်းခံထိတိုင်း ဘတ် ၅၀၀၀၊ ၆၀၀၀ ပေးဆောင်ရပါတယ်။ တစ်လနှစ်ကြိမ်သုံးကြိမ် အဖမ်းခံရရင် လုပ်သမျှ ထိုင်းရဲကိုပေးရတာနဲ့ စားစရိတ်တောင် မကျန်တော့ပါဘူး။ သင်္ကြန်နဲ့လည်းနီးလာတော့ အပြီးပြန်လာခဲ့တာပါ" ဟု ထိုင်းနိုင်ငံ လုပူရီမှပြန်လာသည့် မွန်ပြည်နယ် မုတ္တမမှ မဆန်းဦးက ပြောကြားသည်။

"အစ်ကိုတို့ကတော့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ချိန် အမီပြန်လာတာပါ။ မိသားစုတွေ တကွဲတပြားဖြစ်နေကြတာ ဆယ်စုနှစ်နှစ်ခုကျော်သွားပါပြီ။ မိသားစုတွေ ပြန်လည်ဆုံစည်းကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိုင်းမှာရှိနေတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးပြန်လာကြပါတယ်။ လောလောဆယ်တော့ ဘိုးဘွား၊ မိဘတွေကို ကန်တော့မယ်။ သားတွေ၊ မြေးတွေကို ရှင်ပြုအလှူလုပ်ရအောင်လို့ ကြိုပြီးလာခဲ့ကြတာ ဖြစ်ပါတယ်" မတ် ၁၅ ရက် ထိုင်းနိုင်ငံမှ ပြန်လာသည့် ဘီလူးကျွန်းချောင်းဆုံမြို့နယ်မှ ကိုကျော်ကျော်က ဆိုသည်။

နေရပ် မိဘ၊ မိသားစုထံသို့ပြန်လာသူ ယခင်နှစ်ကထက် သုံးဆခန့်များပြားလျက်ရှိပြီး နှစ်သစ်ကူးသင်္ကြန်အကြို ပြန်လာသူ၊ သန်းခေါင်စာရင်းအမီပြန်လာသူနှင့် ပတ်စ်ပို့စာအုပ်သက်တမ်းကုန်ဆုံး၍ ပြန်လာကြသူများ ယာဉ်တန်းအဆင်း နေ့တိုင်း ၃၀၀၀ နှင့် ၅၀၀၀ ကြား ပြန်လည်ရောက်ရှိလာကြသည်ဟုဆိုသည်။ "ယခင်နှစ်က ဖေဖော်ဝါရီ၊ မတ်လတွေမှာ နေရပ်ပြန်သူနည်းပါးပြီး ဧပြီ သင်္ကြန်ရာသီအတွင်းမှာသာ အပြန်များခဲ့ပါတယ်။ ဒီနှစ် ယာဉ်တန်းအတက်နေ့မှာ ရာဂဏန်းသာရှိပေမယ့် ယာဉ်တန်းအဆင်းနေ့တိုင်း ထောင်နှင့်ချီနေပါတယ်" ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။


ကိုရွှေသိန်း (မြ၀တီ) | Eleven Media Group

မှတ်ချက်များ