ရထားကဏ္ဍ၏ Master plan တွင်ပါရှိသော စီမံကိန်းများ လုပ်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခေါ်ယူရန်စီစဉ်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြုပြင်ပြောင်းလဲမည့် ရန်ကုန်ဘူတာကြီးကို တွေ့ရစဉ်



ရထားကဏ္ဍ၏ Master Plan တွင်ပါရှိသော စီမံကိန်းများကို လုပ်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများကို ခေါ်ယူရန် စီစဉ်မှုများ ရှိနေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းမှာ လက်ရှိအစိုးရသစ် လက်ထက်အတွင်း များစွာပြောင်းလဲမှု ပြုလုပ်နေသည့် ရထားပို့ဆောင်ရေး ကဏ္ဍအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာပြီး မကြာမီ ယင်းစီစဉ်နေမှုကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ လုပ်သွားမယ့် အရာတွေမှာ အဓိကတော့ အိမ်နီးချင်း နိုင်ငံတွေကလို ရထားပို့ဆောင်ရေး စနစ်ကို လုပ်ဆောင်သွားမှာပါ။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ဖို့စီစဉ်နေတယ်။ ဥပမာ မိုးပျံရထားလမ်းတွေအတွက် လိုအပ် မယ့် တိုင်တွေ၊ ရထားလမ်းတွေ အစသဖြင့် နိုင်ငံခြားနည်းပညာတွေ လိုအပ်တယ်" ဟု ပြောကြားသည်။

ရထားကဏ္ဍ၏ Master Plan တွင် ရန်ကုန်မြို့တော်ရှိ ရထားပို့ဆောင်ရေးစနစ်ကို အဓိကထားပြုပြင်ရန် ပါရှိမည်ဖြစ်သည့်အပြင် အထူးစီးပွားရေးဇုန်သို့ ဖောက်လုပ်မည့် စီမံကိန်းများလည်း ပါဝင်နေသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား လမ်းစနစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး မြို့ပတ်ရထားပြေးဆွဲမှု အချို့ကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ရန် အကောင်အထည်ဖော်နေကြောင်း၊ ရန်ကုန်-မန္တလေး ရထားပြေးဆွဲခွင့်အတွက် ပုဂ္ဂလိက လုပ်ကိုင်ခွင့်ကို ယခုလအတွင်း ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ရန်ကုန်ဘူတာကြီးကိုပါ ပြုပြင်ပြောင်းလဲရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထားပြီး လက်ရှိတွင် ဂျပန်၊ စင်ကာပူတို့မှ လာရောက်တင်ပြထားကာ မကြာမီလများအတွင်း တင်ဒါခေါ်ယူမှု လုပ်ငန်းများကို လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အရှုံးပေါ်နေသည့် ရထားကဏ္ဍအတွက် လတ်တလော ရထားကဏ္ဍ ပြုပြင်ပြောင်းလဲမှု စနစ်များတွင် ဂျပန်နိုင်ငံ၏ အကူအညီကို အဓိကယူထားပြီး ချေးငွေများရယူရန်လည်း သဘောတူညီမှု ရရှိထားကြောင်းလည်း သိရသည်။

အောင်ရဲကို |  Eleven Media Group

မှတ်ချက်များ