MH370 လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ဟု မလေးရှားဝန်ကြီးချုပ် ထပ်မံပြော
မလေးရှားလေယာဉ် MH370 ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျခဲ့တာလို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မတ် ၂၄ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပြီး ဒီနေ့ မလေးရှားလွှတ်တော်အစည်းအဝေးမစမီမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ၁ မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။
ဗြိတိန်အဖွဲ့အင်မားဆတ်ရဲ့ ဂြိုဟ်တု အချက်အလက် အကဲဖြတ်မှုကို ကိုးကားပြီး မလေးရှား ၀န်ကြီးချုပ်က လေယာဉ် ပျက်ကျခဲ့တာလို့ အတည်ပြုပြောခဲ့တာပါ။
လေယာဉ်ပေါ်မှာတော့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် တင်ဆောင်သွားခဲ့တာပါ။
မနေ့က ဒေသအတွင်း နိုင်ငံတကာလေကြောင်းနဲ့ ရေကြောင်း ရှာဖွေမှုတွေက မျောပါနေတဲ့ အပျက်အစီး အတော်များများကို တွေ့ခဲ့ပြီး ဒါတွေဟာ လေယာဉ်ပျောက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နိုင်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောပါတယ်။
ဒီနေ့မှာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ ပင်လယ်လှိုင်းတွေကြောင့် ရှာဖွေရေးလုပ်ငန်းစဉ်တွေ ရွှေ့ဆိုင်းထားရပါတယ်။ ရှာဖွေရေးဒေသဟာ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရဲ့ အနောက်တောင်ဘက် ၁၅၅၀ မိုင် အကွာက အဝေးလံဆုံးနေရာတွေထဲက တခုလည်း ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်က ကိုးကားတဲ့ ဗြိတိန်အစိုးရ လေကြာင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ၁၉၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပြီး လောလောဆယ်မှာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ