ဗြိတိန်ပညာရေးကျောင်းသစ် မြန်မာသင်ရိုး အခြေခံမည်

ရန်ကုန်မြို့တော်တွင် အသစ်ဖွင့်လှစ်မည့် British School Yangon ကျောင်းတွင် မြန်မာအစိုးရ ကျောင်းများ၏ သင်ရိုးမာတိကာကို အခြေခံပြီး အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းအုပ် Mr. Adam Johnson က ပြည်ပသတင်းဌာန Relocate Magazine သို့ပြောကြားသည်။

ဗြိတိန် စာသင်ကျောင်းများ ဖောင်ဒေးရှင်းဝင် ဗြိတိန် နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းသစ်တစ်ကျောင်း ရန်ကုန်မြို့တွင် သြဂုတ်လ၌ စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ကနဦးအနေနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကို လက်ခံသွားရန် စီစဉ်ထားကြောင်း ပြည်တွင်း၊ ပြည်ပ ဗြိတိန်ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျောင်းကို ရန်ကုန်-အင်းစိန်လမ်းမကြီး အင်းလျားကန် အနီးတွင် ဖွင့်လှစ်ရန် လျာထားပြီး လာမည့် ပညာသင်နှစ်များတွင် ကျောင်းသား တစ်ထောင်နီးပါးအထိ လက်ခံမည် ဖြစ်ကြောင်း ဗြိတိန် စာသင်ကျောင်းများ ဖောင်ဒေးရှင်း (British Schools Foundation) ၏ ဥက္ကဋ္ဌ Mr. Stewart Fry က ပြောကြားသည်။
“နိုင်ငံက ဒီထက် ဖွံ့ဖြိုးလာမယ် ဆိုရင်တော့ တခြားမြို့တွေ အတွက်လည်း ထပ်ရှာနေတယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းပုဂ္ဂလိက ကျောင်းသည် ဗြိတိန် စာသင်ကျောင်းများ ဖောင်ဒေးရှင်းဝင် ကျောင်းဖြစ်ပြီး ယူကေပညာရေးဌာန လက်အောက်တွင် တရားဝင် မှတ်ပုံတင် သွင်းထားသော နိုင်ငံတကာကျောင်း ဖြစ်သည်။

“ဒီမှာ ဗြိတိန်ပညာရေးက ဈေးကွက် ရှိပြီးသား။ တရားဝင်ကလည်း တစ်ကျောင်းပဲ ရှိသေးတာဆိုတော့ သူ့ဈေးကွက်နဲ့သူ ဖြစ်တယ်” ဟု လုပ်သက်ရင့် နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် IB (Interna-tional Baccalaureate) ပညာရေးစနစ်၊ ဗြိတိန် (IGCSE) ပညာရေးစနစ်နှင့် အမေရိကန် ပညာရေးစနစ် (SAT) တို့ ရှိသည့်အနက် လက်ရှိအချိန်ထိ ဗြိတိန် ပညာရေးစနစ်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့် တရားဝင် လက်မှတ်ရကျောင်းမှာ MISY (Myanmar International School Yangon) တစ်ကျောင်းသာ ရှိကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly

မှတ်ချက်များ