တာဝါစိုက်ထူမည့် ဒုတိယမြောက်ကုမ္ပဏီကို တယ်လီနော ရွေးချယ်မည်

တယ်လီနောသည် ၎င်း၏ ကွန်ရက်တည်ဆောက်ရေးလုပ်ငန်းအ တွက် Apollo Tower ကုမ္ပဏီကို တရားဝင်ခန့်အပ်ထားကြောင်း ၎င်းတို့အနေဖြင့် ဒုတိယမြောက် တာဝါတည်ဆောက်မည့် ကုမ္ပဏီကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာရုံးချုပ် မှ တာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်၌ တယ်လီနောနှင့် ပူပေါင်း၍ ကွန်ရက် တည်ဆောက် ခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေသည့် Apollo Tower သည် ပြည်တွင်းအခြေစိုက် နည်းပညာကုမ္ပဏီ ၁၂ ခုနှင့် ထပ်မံပူးပေါင်း၍ တာဝါတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရ သည်။

“တာဝါတိုင်တည်ဆောက်ဖို့အတွက် Apollo Tower ကို ရွေးချယ်ခဲ့ တယ်ဆိုတာ ကြေညာပြီးသွားပါပြီ။ Apollo က တယ်လီနောရဲ့ တရားဝင် Vendor အနေနဲ့ မြန်မာနိုင်ငံအနှံ့ တာဝါတိုင်တွေကို တာဝန်ယူပြီး တည်ဆောက်သွားမှာပါ။ ဒုတိယမြောက် တာဝါကုမ္ပဏီကိုလည်း တယ်လီနောက ခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူက ပြောသည်။

တယ်လီနောနှင့် အဓိကပြိုင်ဘက်ဖြစ်သည့် အော်ရီဒူးကုမ္ပဏီသည် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို Huawei ၏ ဆက်သွယ်ရေးနည်းပညာများနှင့် ပူးပေါင်း၍ အောင်မြင်စွာ စမ်းသပ်ဆောင်ရွက်နိုင်ခဲ့သည်ဟု ယခုလ ပထမအပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အော်ရီဒူး၏ စမ်းသပ် အောင်မြင်မှု၌ သတင်းအချက်အလက်များ ချိတ်ဆက်နိုင်ခြင်း၊ စာတိုပေးပို့ခြင်းနှင့် အသံလှိုင်းများ ချိတ်ဆက်ခြင်း ပါဝင်ခဲ့သည်။

တာဝါတည်ဆောက်ခြင်းအအတွက် ဒုတိယမြောက်ကုမ္ပဏီကို ခန့်အပ်ရန် ပြင်ဆင်နေသည့် တယ်လီနော ဂရု (ပ်) သည် ပြည်တွင်း အခြေစိုက်ကုမ္ပဏီများနှင့် ဖြန့်ချိရေးလုပ်ငန်းများ၊ ကွန်ရက်တည်ဆောက်ခြင်း လုပ်ငန်းများအပြင် အိုင်တီကဏ္ဍနှင့် အခြားသော အခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည် ဟုသိရသည်။

၎င်းတို့အနေဖြင့် တယ်လီကွန်းဆိုင်ရာ ကွန်ရက်များကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် Ericsson, Huawei နှင့် Wipro စသည့်ကုမ္ပဏီ သုံးခုနှင့်လည်း လုပ်ငန်းလုပ်ကိုင်ခြင်းကို ပူးပေါင်းထားကြောင်း သိရသည်။ အစီအစဉ်အရ တယ်လီနောသည် 2G နှင့် 3G ကွန်ရက်ကို စတင်ရောင်းချမည်ဖြစ်သော်လည်း တည်ဆောက်ထားသော ကွန်ရက်အရ 4G စနစ်ကိုလည်း ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

မြင့်ကျော်လှိုင် | Internet Journal

မှတ်ချက်များ