စာတတ်မြောက်ရေးလှုပ်ရှားမှုတက်ကြွစွာအကောင်အထည်ဖော်ဖို့သမ္မတတိုက်တွန်း

စာတတ်မြောက်ရေး လှုပ်ရှားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး လူထုလှုပ်ရှားမှုအ သွင်ဖြင့်တက်ကြွစွာအကောင်အ ထည်ဖော်   ဆောင်ရွက်ရန် ဧပြီ ၆ ရက်က မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် မိုးကောင်းကျေးရွာအုပ်စု စံပြရွာ၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်ဟု ဧပြီ ၆ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ယင်းနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် လုံးဝအမှီသဟဲ ပြုနေသည့်အတွက် ပညာရေးအဆင့်အတန်းနှင့် အရည် အသွေး မြင့်မားလာစေရန် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မသင်မနေရ အခမဲ့ မူလတန်းပညာရေးကို အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားပြီး ယင်းသို့ အကောင်အထည်ဖော်ရာတွင် လူတိုင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည်တစ်ခုအပါအ၀င် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

စာတတ်မြောက်ရေး လှုပ်ရှားမှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများတွင် အခြေခံအကျဆုံးနှင့် အရေးပါဆုံးအဖြစ် အလေးထားအားပေး မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုး အသီးသီး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားများကိုပါ ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်ထွန်းလာအောင် အားပေးမြှင့်တင်ရမည် ဖြစ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စာမတတ်သူဦးရေ စာရင်းကောက်ယူပြီး အပိုင်းနှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိရာ အသက် ၁၅ နှစ်အောက် မူလတန်းကျောင်းနေအရွယ် ကလေးများအနက် အကြောင်းအမျိုး မျိုးကြောင့် ကျောင်းနေခွင့် မရရှိသူများအတွက် မူလတန်းပညာ ပြီးမြောက်အောင် သင်ယူခွင့် လမ်းဖွင့်ပေးထားသည့် ကျောင်းပြင်ပ မူလတန်းပညာရေး အကောင်အ ထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်လွန် စာမတတ်သူများအ တွက် ကျောင်းပြင်ပပညာရေး အစီအစဉ်ဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဓါတ်ပုံ - စဥ့်ကိုင်မြို့နယ်၌ ကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုဖွင့်ပွဲ တွင် နိုင်ငံတော်သမ္မတက ဒေသခံများကို နှုတ်ဆက်နေစဉ်
 အောင်ဇော်ထွန်း | Eleven Media Group

မှတ်ချက်များ