မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana က သူ့ရဲ့ ၆ နှစ် ရာထူးသက်တမ်း ကုန်ခါနီးမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်တာတွေ ကို ကြေညာချက်မှာ ထုတ်ပြန် ပြောဆိုထားပါ တယ်။ မြန်မာနိုင်ငံမှာ အမုန်းတရား ပြန့်ပွားစေတဲ့ စကားတွေ ပြန့်နှံ့နေကြောင်း ထောက်ပြထားပါတယ်။
အရင်က မြန်မာနိုင်ငံမှာ အမုန်းစကားတွေ ပြန့်နှံ့မှု မရှိခဲ့ဘဲ အခုမှ ရှိလာတာဟာ လူ့အခွင့်အရေး ဥပဒေအရ ခွင့်မပြုနိုင်ဘူးလို့ မစ္စတာ ကင်တားနားက ဘီဘီစီကို ပြောပါတယ်။ သာမန်လူက ပြောတာဖြစ်ဖြစ်၊ ဘာသာရေး အသိုင်းအဝိုင်းက ပြောတာပဲ ဖြစ်ဖြစ် အစိုးရ အနေနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့၊ ရပ်တန့်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ဘာသာရေး အဓိကရုဏ်းတွေမှာ မေတ္တာရှေ့ထားပြီး အသက်ပေါင်း များစွာကို ကာကွယ်ပေးတဲ့ သံဃာတော် ဆရာတော်ကြီးတွေနဲ့ ဆုံဖူးတဲ့ အကြောင်း၊ ဒီ သံဃာတော်တွေဟာ အများက ကြည်ညို လေးစားရတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်ကြောင်းလည်း မစ္စတာ ကင်တားနားက ပြောပါတယ်။
တချိန်တည်းမှာပဲ အမုန်းစကား၊ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ တရားတော်တွေ ဟောပြောတဲ့ သံဃာတော်တွေလည်း ရှိနေကြောင်း၊ ဒီလို ဟောပြောနေသူတွေကို လွှတ်မထားသင့်တဲ့အကြောင်း၊ ဒါဟာ အကြမ်းဖက်မှုကို ဖိတ်ခေါ်နေတာနဲ့ အတူတူဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ကူးပြောင်းရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း သူက ထောက်ပြပါတယ်။
နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းကို နားထောင်ရာမှာလည်း ငြိမ်းချမ်းတဲ့၊ နှစ်ဘက်နားလည်မှု ရှိတဲ့၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စတာတွေ ပြောတာ ကြားမိပေမယ့် ဒီလို အမုန်းစကား ဟောပြောသူတွေကို တားမြစ်ရမှာ ဖြစ်ကြောင်း၊ အစိုးရမှာ ဥပဒေအရ တားနိုင်တဲ့ အခွင့်အာဏာ ရှိကြောင်း မစ္စတာ ကင်တားနားက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ

မှတ်ချက်များ