ဆက်သွယ်ရေး ကုမ္ပဏီအသစ်များကြောင့် ပြည်တွင်း GDP မြင့်တက်လာမည်ဟု Ericsson ခန့်မှန်း

မြန်မာနိုင်ငံတွင် မကြာမီလအနည်းငယ်အတွင်း လုပ်ငန်းများစတင်လည်ပတ်တော့ မည့် ပြည် တွင်း၊ ပြည်ပဆက် သွယ်ရေး အော်ပရေတာ များကြောင့် ပြည်တွင်းအသားတင် ကုန်ထုတ် လုပ်မှုပမာဏ (GDP- Gross Domestic Product) သည် နှစ်အနည်းငယ်အတွင်း၌ တိုးတက်လာ ဖွယ်ရှိနေကြောင်း ကမ္ဘာကျော် ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်သည့် Ericsson က ၎င်းတို့၏ သုတေသန ပြုလုပ်ထားချက်များကို ထုတ်ဖော်ပြော ကြားလိုက်သည်။  

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းလ်မြို့ တွင် တည်ထောင် ထားသည့် Ericsson ကုမ္ပဏီ၏ သုတေသန တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သည် စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ကို ပိုမိုမြင့်တက်လာစေ မည့်အပြင် တိုင်းပြည်၏ တစ်ဦးချင်းကုန်ထုတ်လုပ်မှုတန်ဖိုးသည် လက်ရှိထက် ၁.၅ ရာခိုင်နှုန်းမှ ၁.၉  ရာခိုင်နှုန်းအ ကြားသို့ တိုးတက်လာမည်ဟု ဖော်ပြထားကြောင်းသိရသည်။   “မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက် သွယ်ရေးကြောင့် စီးပွားရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာချက်အရ ဆက်သွယ်ရေးအော်ပရေတာတွေကို လိုင်စင်ချပေးအပြီး သုံးနှစ်နောက်ပိုင်းမှာ ဒီနိုင်ငံရဲ့ ဂျီဒီပီကတက်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှုအဖွဲ့အစည်းအ တွက် ဆက်သွယ်ရေးကဏ္ဍနဲ့ နည်းပညာတွေက အကောင်းဆုံး အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု Ericsson  Myanmar ၏ ဒေသတွင်း မန်နေဂျာဖြစ်သူ Mr. Jan Wassenius က ပြောကြားသည်။   ထို့အပြင် ပြည်ပမိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများကြောင့် ပြည်တွင်း၌ အလုပ်အကိုင်ခန့်အပ်မှုများလည်း တိုးတက်လာမည်ဖြစ်ပြီး ထိုကဲ့သို့ဆက်သွယ်ရေးကုမ္ပဏီများ တွင် နိုင်ငံသားဝန်ထမ်းများကို အလုပ်ခန့်အပ်မှုများ တိုးတက်လာခြင်းကလည်း နိုင်ငံ၏ GDP ကို တိုးတက်စေနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးကို စောင့်ကြည့်နေသည့် ကွန်ပျူတာလုပ်ငန်းရှင်အချို့က သုံးသပ်သည်။  

Ericsson၏ မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် ဖြစ်နိုင်ဖွယ် နောက်ဆက်တွဲအကျိုးဆက်များကို လေ့လာထားချက်တွင် ပြည်တွင်း၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများက အချိန်ပြည့်ဝန်ထမ်းအရေအတွက် ခြောက်သောင်းခြောက်ထောင်ကို အလုပ်ခန့်အပ်နိုင်မည့်အပြင် ယင်းတို့နှင့် ဆက်စပ်လုပ်ကိုင်ရသည့် စီးပွားရေးနယ်ပယ်တွင် အချိန်ပြည့်ဝန်ထမ်းပေါင်း နှစ်သိန်းလေးထောင်ခန့်ကို အလုပ်နေရာများပေးနိုင်မည်ဟု ဖော်ပြထားသည်။   ထို့အပြင် ပြည်ပမှဝင်ရောက်လုပ်ကိုင်မည့် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကြီးများကြောင့် နိုင်ငံ၏ အသားတင် ကုန်ထုတ်လုပ်မှုပမာဏ တိုးတက်လာမည့်အပြင် အဆိုပါကုမ္ပဏီများတွင် လုပ်ကိုင်ရ သည့် မြန်မာနိုင်ငံသားဝန်ထမ်းများ၏ တစ်ဦးချင်းဝင်ငွေများလည်း တိုးတက်လာ မည်ဖြစ်ပြီး ဈေးနှုန်းသက် သာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း သုံးစွဲလာနိုင်ခြင်းကြောင့် သုံးစွဲသူများ၏ ဝင်ငွေများကို ပိုမိုသက်သာလာစေမည်ဖြစ်ကြောင်း အဆိုပါ မိုဘိုင်းအော်ပရေတာများက တရားဝင်ပြောကြားထား ခဲ့ပြီးဖြစ်သည်။   ယခုလက်ရှိတာဝန်ယူနေသည့် အစိုးရသက်တမ်းကာလ တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးသက်ရောက် မှု လေ့လာချက်တစ်စောင်ကို Ericsson က ပြီးခဲ့သည့် ၂၀၁၂ က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယုဇနကိုကို | Internet Journal

မှတ်ချက်များ