မြို့ပတ် ရထား လက်မှတ်ခ များကို iPay ကတ်ဖြင့် ငွေပေး ချေနိုင် စေရန် စတင် ဆောင်ရွက်

ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခများက iPay ကတ်ဖြင့် ငွေပေးချေနိုင်စေရန် သက်ဆိုင်ရာ မြန်မာ့မီးရထား လုပ်ငန်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ

ယခုအခါ အဆိုပါ iPay စနစ်အတွက် ဝန် ဆောင်မှုပေးရန် စိတ်ပါဝင်စားသော ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ကိုင်ခွင့် အဆို ပြု လျှောက်လွှာပုံစံများ ရောင်းချပေးနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။''အခုလို မြို့ပတ်ရထားခကို iPay ကတ်နဲ့ပါ ငွေပေးချေနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အချိန်ယူပြီး ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။ အခုဆို စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် တွေနဲ့ ကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့် အဆိုပြု လျှောက်လွှာပုံစံတွေ ရောင်းချပေးနေပြီ ဖြစ်ပါတယ်'' ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ iPay စနစ် ဝန်ဆောင်မှုလုပ်ငန်း အဆိုပြု လျှောက်လွှာပုံစံများကို တစ်စုံလျှင်ငွေကျပ် တစ်သောင်း နှုန်းဖြင့် ရန်ကုန်ဘူတာကြီးတွင် ဝယ်ယူနိုင်ပြီး ယင်းလျှောက်လွှာပုံစံတွင် လိုအပ်သည်များကို ဖြည့်စွက်ကာ နေပြည်တော်ရှိ မြန်မာ့မီးရထား ရုံးချုပ်သို့ ဧပြီ ၁၁ ရက် နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်သည်။ လုပ်ငန်း လုပ်ကိုင်ရန်အတွက် ရွေးချယ်ခံရသော ကုမ္ပဏီသို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင် အနေဖြင့် ယင်း iPay ကတ် စနစ်ဝန်ဆောင်မှု လုပ်ငန်းကို သက်တမ်းသုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး နှစ်စဉ်လုပ်ငန်း စာချုပ် ချုပ် ဆိုကာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ iPay စက်များတပ်ဆင်ရာတွင် ရှေးဦးစွာ ရန်ကုန် ဘူတာကြီးနှင့် တခြားသော လုံခြုံစိတ်ချရသည့် ဘူတာများ၌ စတင် တပ်ဆင်သွားမည်ဖြစ်သည်။ ထိုသို့ မြို့ပတ်ရထားများ စီးနင်းခအဖြစ် ကောက်ခံနေသော ငွေ ကျပ် ၂ဝဝ၊ ၃ဝဝ နှင့် ၄ဝဝ တန် လက်မှတ်ခများကို iPay ကတ်စနစ်ဖြင့် ငွေပေးချေနိုင်စေရန် သက်ဆိုင်ရာမှ လုပ်ဆောင်သွားမည် ဖြစ်သော်လည်း လက်ရှိ ဆောင်ရွက်နေသည့် လက်မှတ် အရောင်းစနစ်ကို ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်များ