ရန်ကုန်မြို့ မြောက်ဒဂုံမှာတည်ရှိတဲ့ ဗိုလ်ဗထူးအိမ်ရာက အခန်းတွေကို အခြေခံလူတန်းစားတွေ နေထိုင်နိုင် ဖို့ ရန်ကုန်တိုင်းအစိုးရက မေလ ၁၄ရက်နေ့မှာ မဲဖောက်ပြီး ရောင်းချခဲ့ပါတယ်။ ပထမအကြိမ်က ဝန်ထမ်း ၆၅ဝဝကျော်ကို မဲဖောက်ပေးခဲ့ပြီး အခုတော့ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားနဲ့ အသင်းအဖွဲ့တွေ၊ ပြည်သူတွေ အတွက်လို့ဆိုပါတယ်။
တိုက်ခန်းတစ်ခန်းကို ကျပ် ၃၂၉သိန်း သတ်မှတ်ထားပြီး လေးနှစ်အတွင်း အရစ်ကျပေးရမယ့်စနစ်ဖြစ် တာကြောင့် အခြေခံလူတန်းစားတွေရဲ့လက်ထဲကို အခန်းတွေ မြန်မြန်ရောက်စေဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားရေးမှူးက ဆိုပါတယ်။
စတုရန်းပေ ၆ဝဝပတ်လည်နဲ့ ၉ဝဝပတ်လည်ရှိတဲ့ အခန်းပေါင်း ၅ဝ၄၂ခန်းအတွက် ဒုတိယအကြိမ်အဖြစ် မဲဖောက်ပေးတာဖြစ်ပြီး မဲလာနှိုက်တဲ့ ပြည်သူတစ်ယောက်က တန်ဖိုးမျှတဆိုပြီး ဈေးနှုန်းကသိန်း ၃ဝဝကျော် မို့ သာမန်လူတန်းစားတွေ တတ်နိုင်တာထက် များနေတယ်လို့ ဆိုပါတယ်။
အခြေခံလူတန်းစားတွေအတွက် နေရာကျဉ်းတာက ပြဿနာမဟုတ်ဘဲ အခန်းတန်ဖိုးကို သိန်း၁ဝဝလောက်ပဲ သတ်မှတ်သင့်တဲ့အကြောင်း၊ တကယ်ဆို သိန်း ၁ဝဝဆိုတာ နေ့စားအလုပ်သမားတွေ မတတ်နိုင်တဲ့ ပမာ ဏဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ဗထူးအိမ်ရာ အခန်းတွေ မဲစာရင်းပေါက်သူတွေက ရန်ကုန်စည်ပင်သာယာရေး အင်ဂျင်နီယာနဲ့ အဆောက်အအုံဌာနမှာ သွားကြည့်ရမှာဖြစ်ပြီး မဲမပေါက်တဲ့သူတွေက လာမယ့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းမှာ မဲထပ်နှိုက်နိုင်တယ်လို့ ဆိုပါတယ်။
Kamayut Media

မှတ်ချက်များ