အစားထိုးဦးနှောက်ဖြင့် မှတ်ဉာဏ်များကို ထိန်းသိမ်းနိုင်တော့မည်ဟုဆို

လာမည့်လအနည်းငယ်အတွင်း အမေရိကန်စစ် ဘက်ထိပ်တန်းလျှို့ဝှက် သုတေသနဌာနမှ သုတေ သီများသည် ဒဏ်ရာရာ စစ်သားများ၏ မှတ်ဉာဏ် ကို ပြန်လည်ထိန်းသိမ်းပေးနိုင်မည့် ဦးနှောက်အစား ထိုး ခွဲစိတ်ကုသမှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

အမေရိကန်တပ်မတော်ကာကွယ်ရေးသုတေသန အဖွဲ့ (DARPA) သည် လူသားဦးနှောက်ကို နား လည်နိုင်မည့်လေ့လာ သုတေသနပြုလုပ်မှုများ ကို လေးနှစ်တိုင် ပြုလုပ်ခဲ့ပြီး၊ ယင်းပရောဂျက်အတွက် သမ္မတအိုဘားမား၏ ဒေါ်လာ သန်း ၁ဝဝ ထောက်ပံ့မှုကို ရရှိခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းပရောဂျက်သည် တိုက်ပွဲတွင် ဒဏ်ရာရလာသည့် စစ်သားများနှင့် အသက်အရွယ်အိုမင်းပြီး မှတ်ဉာဏ် ချွတ်ယွင်းသည့် သူများအတွက် ဦးနှောက်အစားထိုးပေးခြင်းဖြင့် မှတ်ဉာဏ်များကို ပြန်လည်ထိန်းသိမ်းပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အယ်ဇိုင်းမားဟုခေါ်သည့် ဦးနှောက်နှင့် အာရုံကြောချွတ်ယွင်းသည့်ဝေဒနာ  ကို ခံစားနေရသော တပ်မတော်တွင် အမှုထမ်းခဲ့သူ သုံးသိန်းနီးပါးခန့်ရှိကြောင်း၊ ထို့ပြင် အီရတ်နှင့် အာဖဂန် စစ်ပွဲများတွင် ဦးခေါင်းဒဏ်ရာရခဲ့ သောကြောင့် ဦးနှောက်ထိခိုက်သည့် စစ်သားများလည်းရှိခဲ့ရာ ယင်းတို့ ပြန်လည်ထူထောင်ကျန်းမာနိုင်ရေးအတွက် ပရောဂျက် ကို စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း DARPA ပရောဂျက် မန်နေဂျာ ဂျပ်စတင် ဆန်ချေ့ဇ်ကပြောကြားသည်။

“တိုက်ပွဲမှာ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခဲ့ရင် မိသားစုကို ပြန်ပြီး မမှတ်မိတာတွေဖြစ်တတ်တယ်။ ဒီလိုစစ်သားတွေအတွက် မှတ်ဉာဏ်ပြန်ရအောင် စီစဉ်ပေးမှာပါ” ဟု ဆန်ချေ့ဇ်ကဆိုသည်။

ထို့ပြင် ဆန်ချေ့ဇ်က မိမိတို့နိုင်ငံတွင် အလွန်တော်သော သိပ္ပံပညာရှင်များရှိပြီး ထိုပညာရှင်များကို ပရော ဂျက်တွင် ထည့်သွင်း အသုံးပြုထားသောကြောင့် မကြာမီအချိန်အတွင်း စိတ်လှုပ်ရှားစရာကောင်း သည့် ဦးနှောက်အစားထိုးစွမ်းဆောင်မှုများကို ပြသနိုင်တော့မည်ဟုပြောကြားသည်။

myanmar latest news

မှတ်ချက်များ