လေးနှစ်အရွယ်သမီးကို ဖခင်အရင်းက မီးဖိုနှင့်ကပ်၊ သံတူဖြင့်ထုရိုက်

ဖခင်အရင်းဖြစ်သူက လေးနှစ်အရွယ်ကလေးငယ်အား မီးဖိုနှင့်ကပ်၊ သံတူဖြင့်ရိုက်ကာ ညှင်းပန်းနှိပ်စက်မှု တစ်ခု တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ညှင်းပန်းနှိပ်စက် ခံရသည့် ကလေးငယ်မှာ တောင်ကြီး မြို့ ရွှေတောင် ရပ်ကွက်၊ အောင်သာယာလမ်းတွင် နေ ထိုင်သော ဦးနေလင်းအောင်(ခ) ဦးဖိုးချို နှင့် မိထွေးဖြစ်သူ မဆုခိုင်ကြည်တို့၏ သမီးဖြစ်ပြီး အသက်လေးနှစ်သာ ရှိသေးသည်။ ထိုကလေးငယ်အား လွန်ခဲ့သည့် ၁၅ရက် ခန့်က တောင်ကြီးမြို့ချမ်းမြသာစည်ရပ်ကွက်တွင် ငှားရမ်းနေစဉ်က ၎င်း၏ ဖခင်ဖြစ်သူက အုတ်မီးဖိုနှင့် ကလေးငယ်၏လက်ကို ကပ်သဖြင့် အရည်ကြည်ဖု ဒဏ်ရာများ ရရှိခဲ့သည်။

ထို့နောက် ရွှေတောင်ရပ်ကွက်သို့ ပြောင်းရွှေ့လာစေ မေလ ၁၆ရက် ည၈နာရီခန့်က ဖခင်ဖြစ်သူကပင် ကလေးငယ်၏ နဖူး၊ ဒူးခေါင်းတို့ကို ထုရိုက်ခဲ့သည်ဟု ကလေးငယ်က လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူ များနှင့် ရဲအရာရှိများကို ပြောပြသည်။

ကလေးငယ်သည် ဒဏ်ရာများဖြင့် ရပ်ကွက်အတွင်း လျောက်သွားနေ၍ မေလ ၁၇ရက် နံနက် ၈နာရီခန့် က ရွှေတောင်ရပ်ကွက် ရင်သွေးငယ်များအသင်းဥက္ကဋ္ဌ ဦးသိန်းဖေက တောင်ကြီးမြို့လူမှုဝန်ထမ်း ဦးစီးဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။ ကလေးငယ် သည် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ကလေးငယ်ကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းသော အုပ်ထိန်းသူ နေလင်းအောင် (ခ)ဖိုးချိုကို ၁၉၉၃ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ယ) အရ အရေးယူပေးရန် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဒု-ဦးစီးမှူး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ချယ်ရီကရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် တောင် ကြီးမြို့ မြို့မရဲစခန်း အမှတ်စဉ် (၄၄/၂၀၁၄) ဖြင့် မေ၁၈ ရက်တွင် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် အမှုဖွင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

"ကျွန်မ ကလေးအဖေကို တရားစွဲလာပြီး ဖမ်းထားလိုက်ပါပြီ၊ ကလေးလက်တွေကို မီးနဲ့ရှို့၊သံတူနဲ့ထု ထားတော့ ဒဏ်ရာတွေက အရည်ခွံ့ လန်နေတယ်၊ ဆေးရုံမှာ တပတ် ဆယ်ရက် နေရပါဦးမယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ်"ဟု လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဒု-ဦးစီးမှူး၊ ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ချယ်ရီက မဇ္ဈိမကို ပြောသည်။

ကလေးငယ် ဆေးရုံက ဆင်းလာပါကလည်း စိတ်ဒဏ်ရာ မရရှိစေရန်အတွက် ပရဟိတလူမှုအဖွဲ့အစည်း များနှင့် အတူ စိတ်ဓာတ်မြင့်တင်ပေးရန်ဆောင်ရွက်ပေးသွားမည် ဟု ဒေါ်ချယ်ရီက ပြောသည်။

Mizzima Burmese

မှတ်ချက်များ