ဒဂုံ လေးမြို့နယ် ရေမြောင်းစီမံကိန်းအတွက် ၁၂ ဘီလျံ သုံးမယ်


ဒဂုံမြို့သစ်လေးမြို့နယ် ရေမြောင်း တူးဖော်မှု အပါ အ၀င် မြောင်းကူးတံတားများ တည်ဆောက် ခြင်း၊ ငမိုးရိပ်ချောင်း ကမ်းထိန်း မြေသား နံရံ တည်ဆောက်ခြင်းတို့အတွက် သမ္မတ၏ သဘာ ၀ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ရန်ပုံငွေမှ ကျပ် ၁၂. ၁၃၁ ဘီလျံ သုံးစွဲမည် ဖြစ်ကြောင်း စုံစမ်း သိရသည်။

မြောင်းကူးတံတား ၂,၆၈၄ ခု တည်ဆောက်မည် ဖြစ်ကြောင်း ၊ Culvert ဟုခေါ်သော မြောင်းကူးတံ တားများကို တပေလျှင် ၁၈၀၀၀၀ နှုန်းဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများက ကန်ထရိုက်ယူ ဆောက်လုပ် လျက်ရှိကြောင်း မြောက်ဒဂုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးကျော်အေးက ဧရာဝတီသို့ ပြောသည်။

“ဒဂုံ လေးမြို့နယ်ကို ရေစီးရေလာကောင်းဖို့ တင်ပြတဲ့အခါ သမ္မတရဲ့ သဘာဝဘေးအတွက် သုံးမယ့် အရေးပေါ် ရန်ပုံငွေကနေ ဘတ်ဂျက်ရတယ်”

မြောက်ဒဂုံမြို့နယ်၊
အရှေ့ဒဂုံ မြို့နယ်၊
တောင်ဒဂုံမြို့နယ်၊
ဒဂုံဆိပ်ကမ်းမြို့နယ်


“လုပ်ငန်းတွေကို မေလကုန်မှာ အပြီးသတ်ရမှာ ဖြစ်ပေမယ့် မိုးရွာနေတော့ လုပ်ငန်းအပြီးသတ်ဖို့ အခက်တွေ့နေတယ်” ဟု ကော်မတီ အတွင်းရေးမှူး ဦးကျော်အေးက ဆက်ပြောသည်။

မြောင်းကူးတံတားများကို ကန်ထရိုက်ရယူထားသူတို့က အပြီးသတ် ဆောက်လုပ်ကြသော်လည်း လမ်းပြန်လည် အသုံးပြုရရေး ချက်ချင်း မြေသားပြန်လည် ညှိပေးရန် လိုအပ်နေသေးသည်။

“အခုလို တံတားတွေ လုပ်တော့ ကားအ၀င်အထွက်လည်း ခက်တယ်။ တံတား ပြီးတာတောင် သွားလို့ရအောင် ပြန်လုပ်မပေးဘူး။ တံတားတခုပြီးဖို့လည်း တော်တော်ကြာတယ်။
အခုက ဘတ်ဂျက်မရှိလို့ စောင့်လုပ်တဲ့ သဘောလား မသိဘူး” ဟု မြောက်ဒဂုံမြို့နယ်၊ မန္တလေး လမ်းဈေးအနီးတွင် နေထိုင်သူ တဦးက ပြောသည်။

မြို့တော်စည်ပငင်က ရပ်ကွက်အတွင်း ရေမြောင်းများ တူးဖော်ပေးသော်လည်း ရေမြောင်းအဖုံးကို ဒေသခံတို့က တာဝန်ယူရသည်ဟု မြောက်ဒဂုံ မြို့နယ် ၃၂ ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်အောင်က ပြောသည်။

“အခုက ၀ါးကတ်နဲ့ ပြန်ဖုံးရင် ၃ သိန်းလောက်ပဲ ကုန်ပေမယ့် ဘိလပ်မြေ ပြန်လောင်းရင် ၁၅ သိန်းလောက်ထိ ကုန်တယ်။ အခုက သူတို့က မြောင်းဖြစ်ပြီးရော လာထိုးသွားတာပဲ ရှိတယ်။ ဘာမှ ပြန်လုပ်ပေးတာ မရှိဘူး။ မြောင်းတွေက ဖော်ပြီး အကြီးကြီးတွေ လုပ်ထားတော့ အိမ်က ကလေးကို ပြုတ်ကျမှာစိုးလို့ စောင့်ကြည့်နေရတယ်”


ထက်နိုင်ဇော် | ဧရာဝတီ

မှတ်ချက်များ