၎င်း သေဆုံးမှုက နိုင်ငံတ၀န်းလိင်အကြမ်းဖက် မှုအပေါ် ဒေါသထွက်နေကြသော လူအများ၏ ဒေါသကို အသစ်ပြန်လည်ဖြစ်စေခဲ့သည်။ ရွာသားများက မိန်းကလေးများ၏ အလောင်းကို ဗုဒ္ဓဟူးနေ့က အူတာပရာဒက်ရှ်ပြည်နယ်၊ ကာတြာရွာရှိ ၄င်းတို့အိမ်အနီး ကွင်းပြင်တွင် ပျောက်ဆုံးပြီး နာရီများစွာကြာပြီးနောက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးဖြစ်သူ အာတူဆာဇီနာက ပြောသည်။
၎င်းမိန်းကလေးများမှာ အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ရှိပြီး ၄င်းတို့အိမ်တွင် အိမ်သာမရှိသည့်အတွက် အပေါ့အ ပါးစွန့်ရန် ယင်းနေရာသို့ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရာနှင့်ချီသော ကျေးရွာသားများက ယင်းအမှု တွင် ရဲများ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ တစ်နေ့လုံး တိတ်ဆိတ်စွာ ကန့်ကွက်ခဲ့ကြသည်။ အိန္ဒိယတီ ဗွီချန်နယ်များက တွဲလောင်းဖြစ်နေသော မိန်းကလေးများ၏ အလောင်းများအောက်တွင် ရွာသားများက ထိုင်လျက် သံသယဖြစ်သူများကို မမိမချင်း အာဏာပိုင်များက အလောင်းများ ယူဆောင်ခြင်းအား တားမြစ်ပုံကို ပြသခဲ့သည်။
ရဲများက ထိုနေ့တွင် သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့ပြီး ဆက်လက်၍ လေးဦးထက်ပိုသော သံသယရှိသူ များကို ရှာဖွေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။ အလောင်းစစ်ဆေးသူများက မိန်းကလေးများမှာ အုပ်စုလိုက်အဓမ္မပြုကျင့်ခံရကာ လည်ပင်းညှစ်သတ်ခံရပြီးနောက် ကြိုးကွင်းစွပ်ထားခံရခြင်းဖြစ်ကြောင်းကို အတည်ပြုပေးခဲ့သည်ဟု ဆာဇီနာက ပြောကြားသည်။ အင်္ဂါနေ့ညက မိန်းကလေးများ၏ ဖခင်ဖြစ်သူက မိန်းကလေးများပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့သော်လည်း ဒေသခံရဲစခန်းအကြီးအကဲက လျစ်လျူရှုခဲ့သည့်အတွက် ရွာသားများက ဒေါသထွက်ခဲ့ကြသည်။
၎င်းရဲစခန်းအကြီးအကဲကိုလည်း တာဝန်မှရပ်စဲထားသည်ဟု သိရသည်။ မိသားစုများမှာ ထိကိုင်လို့မရသူ များဟု ခေါ်သော ဒါးလစ် လူ့အဖွဲ့အစည်းမှ ဖြစ်ပြီး အိန္ဒိယဇာတ် အနိမ့်အမြင့်စနစ်တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ အိန္ဒိယတွင် လိင်အကြမ်းဖက်မှုဥပဒေကို တင်းကျပ်လိုက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအတွက် သေဒဏ်အထိ ပြန်ဋ္ဌာန်းထားသည်။ ဥပဒေသစ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသည်အထိ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုကို နိုင်ငံတ၀န်းဆန့်ကျင်ကန့်ကွက် ခဲ့ပြီးနောက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
မှတ်တမ်းများအရ လူဦးရေ ၁.၂ ဘီလီယံရှိသည် အိန္ဒိယတွင် ၂၂ မိနစ်လျှင် မုဒိန်းမှုတစ်ခု ဖြစ်ပွားနေသည် ဟု ဆိုသည်။ တက်ကြွှလှုပ်ရှားသူများက အမှန်တကယ်ဖြစ်ပျက်နေသည့်အရေ အတွက်မှာ ၄င်းထက်များ နိုင်ကြောင်း၊ ရှေးရိုးဆန်သည် ယဉ်ကျေးမှုကြောင့် လိင်အကြမ်းဖက်မှုများကို မတိုင်ကြားကြကြောင်း၊ အနိုင်ကျင့်ခံရသည့် မိသားစုနှင့် ရဲများက တိတ်ဆိတ်စွာနေရန်သာ တိုက်တွန်း ပေးကြကြောင်း၊ တိုင်ကြား လျှင်လည်း မှားယွင်းစွပ်စွဲမှုနှင့် လူမှုရေးပြဿနာများအဖြစ် ငြင်းဆန်ကြကြောင်း ပြောသည်။
မျက်ရှင် ၀က်ဆတ်စ် စာမျက်မှ ကူးယူဖော်ပြသည်။
မျက်ရှင် ၀က်ဆတ်စ် စာမျက်မှ ကူးယူဖော်ပြသည်။

မှတ်ချက်များ