သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပွဲကြီးသို့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှ နိုင်ငံတော်ဗဟို သံဃာ့ ၀န်ဆောင် ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက အဆိုတင်သွင်းခဲ့သည်။
မေ ၁၂ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲတွင် ၎င်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စတုတ္ထအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကို ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် သံဃာတော်တစ်ပါးစီက ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သီးခြားဂိုဏ်းများဖြစ်သည့် ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်းတို့မှ ကိုယ်စားလှယ်သံဃာတော် တစ်ပါးစီက ပါဝင်ဆွေးနွေး ခဲ့ကြသည်။
၎င်းအပြင် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်စာအုပ်များ၊ စာစောင်များ၊ အသံသွင်းခွေများကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က စိစစ်ခွင့်ပြုပြီးမှ ထုတ်ဝေသင့်ကြောင်း အဆိုကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသက လည်းကောင်း၊ နိကာယ်သာသနာ ထွန်းကားတိုးတက်စေရေး တိုက်တွန်းကြောင်း အဆိုကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝေပုလ္လကလည်းကောင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၌ ပြည်ပရေးရာအဖွဲ့ငယ် ဖွဲ့စည်းဆောင် ရွက်သင့်ကြောင်း အဆိုကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တနာဂသေနာဘိဝံသက လည်းကောင်း အသီးသီး တင်သွင်းခဲ့သည်။
ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့နာယက အစည်းအဝေးကြီးကို ၁၉၈၀ ပြည့်နှစ် မေလတွင် သံဃာတော် ၁၂၁၈ ပါးဖြင့် ကျင်းပခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၈၅ ခုနှစ် မေလတွင် ၁၃၈၃ ပါးဖြင့် ကျင်းပခဲ့သည်။ တတိယအကြိမ်အဖြစ် ၁၉၉၅ ခုနှစ် မတ်လတွင် ၁၄၃၉ ပါးဖြင့် ကျင်းပခဲ့ပြီး နောက်ပိုင်းကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့် ကြာမြင့်ခဲ့သည်။
"မြန်မာနိုင်ငံသံဃာထု အတွင်း၌ စည်းလုံးညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြား ဖြစ်နေသည်ဟု အချို့ပုဂ္ဂိုလ် များ၏ ပြောဆိုသံများကို ကြားနေရပါတယ်ဘုရား။ ယနေ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးသို့ သံဃာတော် ၂၅၅၈ ပါးတို့ စည်းလုံးညီညာစွာ တက်ရောက်တော် မူလာကြသဖြင့် ယင်းပြောဆိုသံများကို ပယ်လှန်ချေ ဖျက်ပြီး ဖြစ်သည်ဟု မှတ်ယူနိုင်ပါတယ်ဘုရား။
အမှန်စင်စစ် ဤ ၂၅၅၈ ပါးသော သံဃာတော်တို့သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ငါးသိန်းကျော်သော သံဃာတော်တို့ကို ကိုယ်စားပြု၍ တက်ရောက်တော် မူလာကြခြင်း ဖြစ်သဖြင့် ထေရ်သံဃာတော် ငါးသိန်းကျော်တို့ နိုင်ငံတော်အတွင်း၌ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီမျှ သမဂ္ဂသမောဓာန ရှိကြကြောင်း သက်သေသာဓကအဖြစ် လှစ်ဟပြနိုင်ခဲ့ပါတယ်ဘုရား" ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေ ၁၂ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
Eleven News

မှတ်ချက်များ